ရန်ကုန်၊ ဒီဇင်ဘာ ၁၃
ကရင်နီနှင့်ရှမ်းပြည်အစပ် မိုးဗြဲတိုက်ပွဲတွင် စစ်ကောင်စီ၏ ခမရ ၄၂၂ တပ်က ဓာတုအဆိပ်ငွေ့ပြားများကို ဒရုန်းဖြင့် ကျဲချတိုက်ခိုက်နေသဖြင့် သတိပြုကြရန် KNDF ဗဟို သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူ တစ် ဦးက ပြောဆိုလိုက်သည်။
ဒီဇင်ဘာလ ၇ ရက်နေ့နှင့် ၈ ရက်နေ့ ကရင်နီပြည်နယ် နှင့် ရှမ်းပြည်နယ် အစပ် မိုးဗြဲတိုက်ပွဲတွင် ခမရ ၄၂၂ တပ်ရင်းက ကရင်နီတော်လှန်ရေးတပ်ဖွဲ့များကို တိုက်ခိုက်ခဲ့ရာတွင် မိုးဗြဲမြို့ ပတ်ဝန်းကျင်သို့ S-PHOS (အက်စ် ဖော့စ်) တံဆိပ်ပါ ၅၆၀ အဆိပ်ငွေ့ပြားများကို ထည့်သွင်း အသုံးပြု၍ ဒရုန်းဖြင့် ကျဲချတိုက် ခိုက်ကြောင်း သိရသည်။
အဆိပ်များကို ဒရုန်းဗုံးကျဲချမှုကြောင့် မီးခိုးအများအပြားထွက်ရှိလာပြီး ရှုရှိုက်မိသော ရဲ ဘော်အချို့မှာ မူးဝေခြင်း ၊ ခေါင်းမူးခြင်း ၊ အော့အန်လိုခြင်း ၊ အိပ်ချင်လာခြင်း၊ ခန္တာကိုယ် မလန်း ဆန်းခြင်း၊ အားပြတ်ခြင်း စသည့်ဝေဒနာများခံစားခဲ့ရကြောင်း၊ ဗုံး ကျရောက်ခဲ့သော နေရာများ ကို စစ်ဆေးခဲ့ရာ အက်စ်ဖော့စ်အဆိပ်ငွေ့ပြားများကို ထည့်သွင်း အသုံး ပြု၍ တိုက်ခိုက်ခဲ့ခြင်းဖြစ် သည်ကို အတည်ပြုနိုင်ခဲ့ကြောင်း သိရသည်။
“ဒရုန်းတွေနဲ့ကျဲချတာကတော့ တိုက်ပွဲဖြစ်ပွားတဲ့ပတ်ဝန်းကျင်မှာပဲ ကျဲတာဖြစ်ပါတယ်။ ရဲဘော်တွေ ဘက်ကတော့ စာထဲမှာ ထုတ်ပြန်ထားတဲ့အတိုင်း ဝေဒနာမျိုးတွေရှိခဲ့တာပေါ့။ အခြားတော်လှန်ရေးတပ်ဖွဲ့ဝင်တွေအနေနဲ့ စစ်ကောင်စီဘက်က အဆိပ် ငွေ့အသုံးပြုနေပြီဖြစ်တဲ့အတွက် ဒါကို အထူးအလေးပေး ဂရုစိုက်ကြဖို့ တိုက်တွန်းချင်ပါတယ်” ဟု KNDF ဗဟို သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူ တစ် ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
S-PHOS ( အက်စ်ဖော့စ် ) တံဆိပ်ပါ ၅၆၀ အဆိပ်ငွေ့ပြားများမှာ အဆိပ်ငွေ့မှိုင်းတိုက်ဆေးပြားများဖြစ်ပြီး သီးနှံသိုလှောင် ရုံတွင် အဆိပ်ငွေ့မှိုင်းတိုက်ရာတွင် အသုံးပြုခြင်း၊ Silo သိုလှောင်ရုံ (အစားအစာမဟုတ်သောပစ္စည်းများ) သီးနှံတစ် တန် (၂-၅)ဆေးပြား၊ သီးနှံပုံများ/သီးနှံမျိုးစေ့များ သီးနှံတစ်တန်(၂-၃)ဆေးပြား၊ ထုပ်ပိုးထားသော ပစ္စည်းများ – ၁၀၀၀ ကုဗပေလျှင် ၁၃၅ ဂရမ် ၄၅ ဆေးပြား၊ ကြွက်တွင်းလိုဏ်ခေါင်းများတွင် တစ် တွင်းလျှင်(၁-၂)ဆေးပြားအသုံးပြုရကြောင်း စိုက်ပျိုးရေးကုမ္ပဏီတစ်ခုထံမှ သိရှိရသည်။
ထို့ကြောင့် ပြည်သူများ အနေဖြင့် မိမိတို့ အနီးဝန်ကျင်၌ ဒရုန်းများ ပျံဝဲနေခြင်း ၊ တိုက်ခိုက်ခံရ သည့် နေရာများနှင့် အနီးတွင်ရှိနေခြင်းများ ဖြစ်လာပါက စူးစမ်းကြခြင်းမျိုးမပြုလုပ်ဘဲ လုံခြုံသော နေရာများသို့ ပုန်းခို၍ ရှောင်ရှားကြရန် KNDF ဗဟိုက အထူးတိုက်တွန်းထားသည်။
ဖယ်ခုံ၊ မိုးဗြဲ ၊ လွိင်ကော် လမ်းမကြီးပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့များနှင့် ကရင်နီတော်လှန်ရေးတပ်ဖွဲ့ များ အကြား ထိတွေ့တိုက်ပွဲမကြာခဏဖြစ်ပွားလျက်ရှိပြီး စစ်ကောင်စီက ဒရုန်းအားပြု၍ စစ် ဆင်ရေးများ လုပ်ဆောင်လာသလို အဆိပ်ငွေ့များကိုပါ ထည့်သွင်းအသုံးပြုလာသဖြင့် အထူးသတိထားကြရန် ဆက်လက်တိုက်တွန်းထားသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar