23 C
Yangon

စစ်မှုထမ်းအတွက် လူရှာမပေးနိုင်လျှင် လူစားထိုးမည့်တပ်သားသစ် ၁ ဦးအတွက် ငွေကျပ် ၈၅ သိန်းပေးသွင်းရန် ကြံခင်းမြို့နယ်ထွေ/အုပ်က တောင်းခံ၊ မြန်အောင်တွင်လည်း လူငယ် ၁ ဦးကို ဖမ်းဆီးပြီး သိန်း ၆၀ ကျော်ဖြင့် ပြန်ရွေးခိုင်း

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၁၈

ဧရာ၀တီတိုင်း၊ ကြံခင်းမြို့နယ်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက စစ်မှုထမ်းအတွက် တပ်သားသစ် ရှာမပေးနိုင်ပါက ရပ်/ကျေးအုပ်ခှုပ်ရေးအဖွဲ့များအနေဖြင့် လူစားထိုးမည့် တပ်သားသစ် ၁ ဦးအတွက် ငွေကျပ် ၈၅ သိန်း ပေးသွင်းရန် ညွှန်ကြားထားကြောင်း ရွှေပန်းတောကျေးရွာအုပ်စုမှ အုပ်ချုပ်ရေးမှူး ပေါက်စနှင့်အဖွဲ့ထံမှ စုံစမ်းသိရှိရသည်။

ကြံခင်းမြို့နယ်အတွင်းတွင် စစ်မှုထမ်းအပတ်စဉ် ၈ အတွက် လူမပြည့်မီသဖြင့် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများက ပေါ်တာဆွဲ ဖမ်းဆီးမှုများ လုပ်ဆောင်နေ ကြောင်း၊ သို့ရာတွင် မြို့နယ်ထွေ/အုပ်နှင့်စစ်တပ်က တောင်းခံသည့် လူငယ်အရေအတွက် မရရှိကြောင်း၊ လူငယ်များမှာလည်း ကျေးရွာများတွင် မနေကြတော့ဘဲ ထိုင်းနိုင်ငံဘက်သို့ တရားဝင်နှင့်တရားမဝင် နည်းလမ်းမျိုးစုံဖြင့် ထွက်ခွာနေကြသည့်အတွက် တပ်သားသစ်ရှာမရသည့်ပြဿနာဖြစ်ပွားနေကြောင်း၊ ထို့ကြောင့် ကြံခင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက စစ်မှုထမ်းအတွက် လူရှာမပေးနိုင်သည့် ရပ်/ကျေး အုပ်ချုပ်ရေးအဖွဲ့များအနေဖြင့် တပ်သားသစ်တစ်ဦးအတွက် လူစားထိုးရန် ငွေကျပ် ၈၅ သိန်းပေးသွင်းရန် ညွှန်ကြားထားကြောင်း၊ မိမိတို့၏ ရပ်ရွာများအတွင်းမှ ငွေကြေးများ ကောက်ခံ၍ သက်ဆိုင်ရာ မြို့နယ်နှင့် စစ်တပ်ထံသို့ ပေးသွင်းရန် ညွှန်ကြားထားကြောင်း သိရှိရသည်။

“အခုရက်ပိုင်းတွေမှာ ကြံခင်းမြန်အောင်မှာ ညဘက်လူငယ်တွေတော်တော်အဖမ်းခံရတယ်။ ကြံခင်းမြို့နယ်ထဲက မြို့နဲ့နီးတဲ့ ရွှေပန်းတောအုပ်စုက အုပ်ကြီး ပေါက်စက ရွာဘက်က လူငယ်တွေကို သတင်းပေးလို့ တပ်နဲ့ရဲကလာဖမ်းနေတာ ၂ ခါ၊၃ခါရှိပြီ။ လူငယ်တွေက သတင်းရလို့ ရှောင်တာ ဦးတော့ အဖမ်းမခံရဘူး။ အခုဆိုနေ့ဘက်လည်းလိုက်ဖမ်းနေတာ။ ကြိုသိပြီး‌ ပြေးတော့သူတို့မှာလည်း လူမရဘူး။ အဲဒါ ရွှေပန်းတောအုပ်စုက လူမပေးနိုင်တော့ မြို့နယ်က ငွေသွင်းခိုင်းတယ်။ လူ ၁ ဦး ၈၅ သိန်းကို ဈေးစစ်တော့ ၈၂ နဲ့တည့်တယ်။ အဲဒါ ဆယ်အိမ်မှူးရာအိမ်မှူးတွေက ရွာမှာလှည့်ပြီးငွေလိုက်စုနေကြတယ်။ ငွေပေးပေမယ့်လည်း ပေါ်တာက ထင်သလို ဆွဲနေတော့ စိတ်မချရဘူးဖြစ်နေတယ်” ဟု ရွှေပန်းတောကျေးရွာအုပ်ချုပ်ရေးမှူး ပေါက်စနှင့် နီးစပ်သူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အလားတူ မြန်အောင်မြို့နယ်၊ နတ်ပီတိကျေးရွာတွင်လည်း အုပ်ချုပ်ရေးမှူး နိုင်လင်းဦးက တပ်သားသစ်အဖြစ် လူငယ် ၁ ဦးကိုဖမ်းဆီးခဲ့ကြောင်း၊ ယင်းနောက် မိဘများက ငွေကျပ် သိန်း ၆၀ ကျော်ဖြင့် ၎င်းတို့၏သားဖြစ်သူကို စစ်တပ်ထဲ မသွင်းရေး ပြန်လည် ရွေးယူခဲ့ရကြောင်း၊ အုပ်ချုပ်ရေးမှူး မလုပ်ခင်ကလည်း ကျပန်း အလုပ်လုပ်ကိုင်သော အုပ်ချုပ်ရေးမှူး နိုင်လင်းဦးမှာ ယခုအခါ လယ်ပိုင်၊ ထွန်စက်ပိုင် သူဌေးဘ၀သို့ ရောက်ရှိနေကြောင်း သိရှိရသည်။

ထို့ပြင် ကြံ့ခင်းမြို့နယ်တွင် စစ်တပ်၊ ရဲ၊ ပျူစောထီး၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များနှင့် ကြံ့ဖွတ်တို့ ပူးပေါင်းပြီး မြို့အဝင်အထွက် လုံခြုံရေး တင်းကျပ်ကာ ဆိုင်ကယ်များကို ဖမ်းဆီး စစ်ဆေး ငွေကြေးတောင်းခံခြင်း၊ ကုန်ပစ္စည်းတင်ဆောင်သော ကားများကို ဆက်ကြေးကောက်ခံများ လုပ်ဆောင်နေကြောင်း၊ အဆိုပါ ရရှိသော ငွေကြေးများမှာ မြို့နယ် ရန်ပုံငွေဟုဆိုကာ ခွဲဝေယူနေကြကြောင်း သိရှိရသည်။

“ဆိုင်ကယ်နဲ့ရွာတွေလှည့်ဈေးရောင်းတဲ့ ဈေးသည်တွေဆိုရင် လူလိုင်စင်၊ယာဉ်လိုင်စင်က ဘယ်အစုံရှိမလဲ။ တခုရှိရင် တခုမရှိတော့ အဖမ်းခံရသူကများတယ်။ တစ်ယောက်မိရင် ငွေ ၃သောင်း လေ၊။ ဈေးလှည့်ရောင်းလို့ ရောင်းကောင်းတဲ့နေ့မှ တစ်သောင်းခွဲ တစ်သောင်းပဲရတာ။ ဒါလေးမိသားစုစားရတာ။ ဆိုင်ကယ်ဖမ်းခံရရင် ၃ သောင်းဆိုတော့ ရတဲ့အမြတ်ရော အရင်းထဲကပါ ပါသွားရောလေ။ တချို့အမျိုးသမီးတွေဆို ငိုပြီးတောင်းပန်ကြရတာ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ကြံခင်းမြို့နယ်နှင့်မြန်အောင်မြို့နယ်တို့တွင် ထွေ/အုပ်၊ ရဲနှင့်စစ်တပ်တို့က ပြည်သူလူထုအပေါ် ငွေကြေး မတရားတောင်းခံမှုများနှင့်ပတ်သက်ပြီး စစ်ကောင်စီထိပ်ပိုင်းထံသို့ ပြည်သူများက တိုင်ကြားကြသော်လည်း တစ်စုံတစ်ရာ အရေးယူမှု မရှိကြောင်း သိရှိရသည်။

ဓာတ်ပုံ – အကြမ်းဖက်စစ်တပ် လက်အောက်ခံရဲနှင့်စစ်တပ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

အကြမ်းဖက်စစ်တပ် လက်အောက်ခံရဲနှင့်စစ်တပ်။
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article