ချင်းပြည်နယ်၊ ကန်ပက်လက်မြို့သိမ်းတိုက်ပွဲ စတင်ပြီဖြစ်ကြောင်း ချင်းညီနောင်တပ်ဖွဲ့က ကြေညာ
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့သိမ်းတိုက်ပွဲ စတင်ပြီဖြစ်ကြောင်း ချင်းညီနောင်တပ်ဖွဲ့က ယနေ့တရားဝင် ထုတ်ပြန် ကြေညာ သည်။
ချင်းညီနောင်က ချင်းညီနောင်စစ်ဆင်ရေး (Operation CB)အဖြစ် ကန်ပက်လက်မြို့သိမ်းတိုက်ပွဲကို ယနေ့(ဒီဇင်ဘာ ၂၂) ရက်တွင်စတင်ပြီဖြစ်ကြောင်း၊ ယမန်နေ့တွင် မင်းတပ်မြို့နယ်ရှိ စစ်ကောင်စီ၏ နောက်ဆုံးစခန်းဖြစ်သော ခလရ ၂၇၄ စခန်းကို သိမ်းပိုက်ပြီးနောက် မင်းတပ်မြို့နယ်တစ်ခုလုံးကို ချင်းညီနောင်တပ်ဖွဲ့များက အပြီးသတ် တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း၊ ယင်းနောက် ယနေ့တွင် ကန်ပက်လက်မြို့ကို စတင်၍ ထိုးစစ်ဆင်တိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။
ချင်းညီနောင်တပ်ဖွဲ့က နိုဝင်ဘာလ ၉ ရက်နေ့မှစတင်၍ ချင်းညီနောင် စစ်ဆင်ရေးအဖြစ် မင်းတပ်မြို့နှင့် ဖလမ်းမြို့တို့ကို မြို့သိမ်းစစ်ဆင်ရေး ဖော်ဆောင်ခဲ့ကြောင်း၊ မင်းတပ်မြို့ကို ယမန်နေ့ သိမ်းပိုက်ခဲ့ပြီး လက်နက်ချ အညံ့ခံသူ ရာချီ၍ ရှိကြောင်း၊ ဖလမ်းမြို့သိမ်းစစ်ဆင်ရေးမှာမူ ဆက်လက် ဆင်နွှဲနေဆဲဖြစ်ပြီး ရဲတပ်ဖွဲ့ဝင် ၄၅ ဦး လက်နက်ခဲယမ်းများနှင့်အတူ နိုဝင်ဘာလ ၁၂ ရက်နေ့ လက်နက်ချ အညံ့ခံခဲ့ကြကြောင်း သိရှိရသည်။
ဓာတ်ပုံ-မတူပီမြို့သိမ်းတိုက်ပွဲတွင် သိမ်းဆည်းရရှိသည့် စစ်ကောင်စီတပ်၏ လက်နက်ခဲယမ်းများ။