ရန်ကုန်၊ ဒီဇင်ဘာ ၂၄
ရခိုင်ပြည်၊ သံတွဲမြို့နှင့် ဂွမြို့တို့တွင် စစ်တပ်၏ လေကြော်းတိုက်ခိုက်မှုနှင့် မိုင်းပေါက်ကွဲမှုတို့ကြောင့် ပြည်သူ ၂ ဦးသေဆုံးခဲ့ကြောင်း ဒေသသတင်းရင်းမြစ် Arakan Princess Media နှင့် ဂွမြို့နယ်စစ်ဘေးရှောင်ကူညီရေးပူးပေါင်းအဖွဲ့ထံမှ သိရှိရသည်။
ယမန်နေ့ ဒီဇင်ဘာလ ၂၃ ရက်နေ့ ညနေ ၃ နာရီအချိန် စစ်ကောင်စီ၏ တိုက်လေယာဉ် ၂ စီးက သံတွဲမြို့၊ အမှတ် ၄ ညောင်ပင်စျေး ရပ်ကွက်ကို ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၁ ဦးသေဆုံးပြီး၊ ၆ ဦးဒဏ်ရာရရှိကြောင်း၊ သေဆုံးသူမှာ သံတွဲမြို၊ အမှတ် ၄ ညောင်ပင်စျေးရပ်ကွက်မှ အသက် ၄၀ နှစ်အရွယ် ဦးဖိုးကျော် ဖြစ်ကြောင်း၊ ဒဏ်ရာရရှိသူများမှာ ဒေါ် ခင်ခင်နွယ်၊ ဦးသန်း၀င်း၊ ဒေါ် မလုံးနန့် ၊ ဦးအောင်သိန်းတင်၊ ဒေါ် အေးအေးသန်း၊ ဒေါ်နွယ်နွယ်တို့ဖြစ်ကြောင်း သိရှိရသည်။
စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် အမှတ် ၄ ရပ်ကွက်အတွင်းရှိ ဓမ္မာရုံနှင့် နေအိမ်အများအပြား ပျက်စီး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
အလားတူ ရခိုင်ပြည် ဂွမြို့နယ်တွင် မိုင်းနင်းမိ၍ အပြစ်မဲ့အရပ်သားပြည်သူ ၁ ဦး သေဆုံးခဲ့ရပြီး ၅ ဦးအထိ ကိုယ်လက်အင်္ဂါ ဆုံးရှုံးနေရကြောင်း ဂွမြို့နယ်စစ်ဘေးရှောင်ကူညီရေးပူးပေါင်းအဖွဲ့က ယမန်နေ့ ဒီဇင်ဘာလ ၂၃ ရက်တွင် ထုတ်ပြန်ထားသည်။
မိုင်းနင်းမိ၍ ထိခိုက်သေဆုံးသူများမှာ ယခု လက်ရှိ တိုက်ပွဲများအတွင်း စစ်ကျန်လက်နက်ပစ္စည်းများကြောင့် ဖြစ်ကြောင်း၊ ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၇ ရက်နေ့က ကုလားပြင်ကျေးရွာမှ အသက် ၃၀ အရွယ် မစိုးမိုးစံမှာ စပါးရိတ်သိမ်းရန် လယ်ကွင်းထဲသို့ ဆင်းစဉ် မိုင်းနင်မိ၍ ခြေထောက်တစ်ဖက် ဆုံးရှုံးဒဏ်ရာရရှိခဲ့ကြောင်း၊ ဒီဇင်ဘာလ ၁၈ ရက်နေ့တွင်လည်း ဂျိုင်ကောက်ကျေးရွာမှ အသက် ၄၇ နှစ်အရွယ် ဦးကျော်စိုးလွင်မှာ နွားကျောင်းနေစဉ် (နွားလှန်နေစဉ်) မိုင်းနင်းမိ၍ ခြေတစ်ဖက်ဆုံးရှုံးသွားကြောင်း သိရသည်။
ထိုကြောင့် ဂွမြို့နယ်က ပြည်သူများကို မိုင်းနှင့် စစ်ကျန်လက်နက်ပစ္စည်းများအကြောင်းကို အသိပညာပေးရန် လိုအပ်နေကြောင်း ဂွမြို့နယ်စစ်ဘေးရှောင်ကူညီရေးပူးပေါင်းအဖွဲ့မှ ပြန်ကြားရေးတာဝန်ခံ နိုင်အောင်လင်းက ပြောသည်။
” ဂွမြို့နယ်စစ်ပွဲကာလအတွင်း မြေမြှပ်မိုင်းနင်းမိ၍ ထိခိုက်ဒဏ်ရာရှိသူ(၅)ဦးနှင့် သေဆုံးသူ(၁)ဦး၊ စုစုပေါင်း(၆)ဦးထိ ရှိလာပြီဖြစ်ပါသည်။ ကျွန်တော်တို့ ဂွမြို့နယ်စစ်ဘေးရှောင်ကူညီရေးပူးပေါင်းအဖွဲ့မှလည်း အရပ်သားပြည်သူများ စစ်ပွဲကျန်လက်နက်ပစ္စည်းများနှင့်ဆက်စပ်၍ ဆောင်ရန်ရှောင်ရန်လိုအပ်သည်များကို အသိပညာများ မျှဝေရေးလုပ်ငန်းများကို ဆောင်ရွက်နေပါတယ်” ဟု ၎င်းက ပြောသည်။
ရခိုင်ပြည်နယ်၏ နေရာအနှံ့တိုက်ပွဲများဖြစ်ပွားမှုရှိနေသည့် ရခိုင်ဒေသတွင် မိုင်းနှင့် စစ်ကျန်လက်နက်အန္တရာယ်မှာလည်း တိုက်ပွဲ၏နောက်ဆက်တွဲ ဆိုးကျိုးတစ်ရပ်အနေဖြင့် ဒေသခံများအားခြိမ်းခြောက်လျက်ရှိနေခြင်းဖြစ်သည်။
ရခိုင်တွင် မြို့နယ်အလိုက် တိုက်ပွဲများ နေရာအနှံ့ဖြစ်ပွားမှုရှိခဲ့ပြီး နှစ်ဖက်တပ်များမှာလည်း လုံခြုံရေးအတွက် မြေမြှုပ်မိုင်းကို အဓိက အသုံးပြုခဲ့ကြကြောင်းတွေ့ရကာ ထိုအထဲတွင် စစ်ကောင်စီ တပ်စွဲရာနေရာများတွင် မိုင်းအန္တရာယ်မှာ ပိုကြီးမားလျှက်ရှိနေသည်ကိုလည်း တွေ့ရသည်။
စစ်ကောင်စီထံမှ အာရက္ခတပ်တော် သိမ်းပိုက်ရရှိထားပြီးဖြစ်သည့် နယ်မြေများတွင် တိုက်ပွဲဖြစ်ပွားခဲ့သည့် ဧရိယာများကို မီးရှို့၍မိုင်းရှာဖွေခြင်း၊ မိုင်းရှာဖွေရေး ကိရိယာများသုံးကာ မိုင်းရှင်းလင်းခြင်းများကို AA က လုပ်ဆောင်ပေးနေသော်လည်း မိုင်းရှင်းလင်းရန် လိုအပ်နေသည့်နေရာ အများအပြားကျန်ရှိနေသေးကြောင်း ဒေသခံပြည်သူများက ပြောဆိုကြသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar