ရန်ကုန်၊ ဇန်နဝါရီ ၁
မကွေးတိုင်း၊ သရက်ခရိုင် တိုက်ပွဲများအတွင်း အကြမ်းဖက် စစ်တပ်က ရုရှားနိုင်ငံထုတ် ကာမီကာဇေ ဒရုန်းများပါ အသုံးပြု တိုက်ခိုက်လာခြင်းကြောင့် ကျေးရွာများနှင့် စစ်ရှောင်စခန်းများပါ စစ်တပ်က တိုက်ခိုက်နိုင်၍ ပြည်သူများ သတိပြုနေထိုင်ရန် သရက်ခရိုင်အမှတ်-၄ တပ်ရင်း သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
သရက်ခရိုင်တွင် ၂၀၂၄ ခုနှစ် နိုဝင်ဘာလနှင့် ဒီဇင်ဘာလ တိုက်ပွဲများအတွင်း အကြမ်းဖက် စစ်တပ်က ကာမီကာဇေ ဒရုန်းများပါ အသုံးပြု တိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ် ပစ်ခတ်ခဲ့သော ရုရှားနိုင်ငံ ထုတ် ကာမီကာဇေ ဒရုန်း ၁ စီးကိုလည်း တော်လှန်ရေး တပ်ဖွဲ့များက သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ ဒရုန်းကို အမှတ် ၁၂ ကာကွယ်ရေးပစ္စည်းစက်ရုံမှ အကြမ်းဖက် စစ်ကောင်စီ တပ်သားများက တိုက်ပွဲအတွင်း စမ်းသပ် ပစ်လွှင့်ခြင်း ဖြစ်နိုင်သော်လည်း အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း၊ တိုက်ပွဲအတွင်း တော်လှန်ရေး တပ်ဖွဲ့ဝင်များ ကာမီကာဇေ ဒရုန်းဖြင့် တိုက်ခိုက်ခံရမှု မရှိသေးကြောင်း သိရှိရသည်။
ထိုသို့ အကြမ်းဖက် စစ်တပ်က ကာမီကာဇေ ဒရုန်းများ အသုံးပြု တိုက်ခိုက်လာသည့် အတွက် တော်လှန်ရေး တပ်ဖွဲ့များအပြင် အရပ်သား ပြည်သူများ နေထိုင်သည့် ကျေးရွာများနှင့် စစ်ဘေးရှောင် စခန်းများကိုပါ တိုက်ခိုက်လာနိုင်သောကြောင့် ပြည်သူများ သတိပြုနေထိုင်ရန် လိုအပ်နေကြောင်း ၎င်းက သတိပေးသည်။
“ပြီးခဲ့တဲ့ နိုဝင်ဘာနဲ့ ဒီဇင်ဘာ တို့မှာ ထိတွေ့ တိုက်ပွဲဖြစ်တဲ့ နေရာမျိုးတွေမှာ မနေ့က နယ်မြေရှင်းတဲ့ အခါမှာ ဒရုန်းပျက်ကျထားတာကို တွေ့တာပေါ့။ သူတို့ အဲလိုတိုက်ခိုက်တာက အရပ်သားတွေကို တိုက်ခိုက်တာလား။ တိုက်ပွဲထဲမှာ ပစ်မှတ်ထား တိုက်ခိုက်တာလားဆိုတာ မသဲကွဲဘူး။ ခန့်မှန်းတာတော့ သရက် ကပစ ၁၂ က ပစ်လွှတ်တယ်လို့ ခန့်မှန်းတယ်။ ဒရုန်းတွေက ဒေသတွင်း တိုက်ပွဲတွေမှာ လေကြောင်းအပြင် နောက်ပိုင်း အသုံးပြု တိုက်ခိုက်လာတာဖြစ်တယ်။ သူတို့ အနေနဲ့ကတော့ ဒါတွေက အရပ်သား ပြည်သူတွေကိုပါ ပစ်မှတ်ထားနိုင်တာပါပဲ” ဟု သရက်ခရိုင်အမှတ်-၄ တပ်ရင်း သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က ပြောဆိုသည်။
အကြမ်းဖက် စစ်တပ်က သရက်ခရိုင်အတွင်း ဖြစ်ပွားသော တိုက်ပွဲများတွင် လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်း အပြင် ဒရုန်းများပါ တွင်တွင်ကျယ်ကျယ် အသုံးပြုလာကြောင်း၊ တိုက်ပွဲများအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများထံမှ သိမ်းဆည်းရမိသော ဒရုန်းများလည်း ရှိကြောင်း သိရသည်။
“ကျနော်တို့ တိုက်ပွဲထဲမှာ ကာမီကာဇေနဲ့ တိုက်ခိုက်ခံရတာ မရှိသေးဘူး။ နိုဝင်ဘာထဲမှာ တိုက်ပွဲဖြစ်ခဲ့တာရှိတယ် ၂၆ ရက်၊ ၂၇ ရက်နဲ့ ၂၈ ရက်မှာ လေကြောင်းသုံးခဲ့တာရှိတယ်လေ အဲရက်တွေမှာပဲ သူတို့ သုံးခဲ့တာလား ဘာလို့ဆိုတော့ လေကြောင်း သုံးပြီဆိုရင် ပုံမှန် ပတ်ခတ်တယ်လို့ပဲ ထင်တာလေ ဒါမှမဟုတ် ဒီကြားထဲက တိုက်ပွဲတွေမှာပဲ သုံးခဲ့ပြီးတော့ မပေါက်ကွဲဘဲ ပျက်ကျနေလားဆိုတာ လည်း မသဲကွဲပါဘူး။ ဒါပေမယ့် ဒေသတွင် တိုက်ပွဲတွေမှာ ဒရုန်းတွေ အပြင် ကာမီကာဇေတွေပါ အသုံးပြုလာတဲ့ သဘောပဲ စစ်ကြောင်းတွေထဲမှာလဲ ဒရုန်းတွေပါ သိမ်းဆည်းရမိတာတွေရှိတော့ သူတို့ဘက်က ဒရုန်းတွေကို တွင်တွင်ကျယ်ကျယ် သုံးလာတဲ့ သဘောပါပဲ” ဟု သရက်ခရိုင်အမှတ်-၄ တပ်ရင်း သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က ဆက်လက် ပြောဆိုသည်။
အဆိုပါ ဒရုန်းတွင် တပ်ဆင်ထားသော ဗုံးသည် ပြင်းအားများပြီး လက်ရှိချိန်ထိ မပေါက်ကွဲဘဲ ရှိနေသေးကြောင်း၊ လက်ရှိအချိန်တွင် ဗုံးကို ခြံခတ်ပိတ်လှောင်ထားပြီး မည်သည့် နိုင်ငံက ထုတ်လုပ်သည့်ဗုံးဖြစ်သည်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း၊ တော်လှန်ရေး ရဲဘော်များသည် ယင်းဗုံးသီးကို ပေါက်ကွဲမှု မရှိစေရန် ဖြုတ်နိုင်ခြင်းမရှိသေးကြောင်း သိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar