ရန်ကုန်၊ ဇန်နဝါရီ ၁၄
ရန်ကုန်မြို့၊ မှော်ဘီမြို့နယ်တွင် လူငယ်များကို စစ်မှုထမ်း ခေါ်ဆောင်ရန် အုပ်ချုပ်ရေးမှူးများက အမည်စာရင်း လိုက်လံကောက်ခံနေကြောင်း ဒေသ ပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဇန်နဝါရီလ ၁၀ ရက်နေ့မှ စတင်ပြီး မှော်ဘီမြို့နယ်၊ ထိန်စွန်းရွာတွင် အကြမ်းဖက် စစ်တပ်ခန့် အုပ်ချုပ်ရေးမှူး မြင့်အေးက ကျေးရွာအတွင်းရှိ လူငယ်များကို စစ်မှုထမ်းရန်ဟု ဆိုကာ အမည်စာရင်းများကို လိုက်လံ ကောက်ခံနေခြင်းကြောင့် ကျေးရွာအတွင်းရှိ လူငယ်များ ကြောက်လန့်နေကြောင်း သိရသည်။
ထို့ပြင် မှော်ဘီမြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်ခန့် အုပ်ချုပ်ရေးမှူးများကို စစ်မှုထမ်းကြေး လစဉ် ပေးဆောင်နေသော်လည်း ဇန်နဝါရီလ ၇ ရက်နေ့ ညပိုင်းကလည်း မျောက်ချောကုန်းကျေးရွာအုပ်စု၊ ညောင်တုန်းကျေးရွာတွင် နေထိုင်သော ကိုမျိုးမင်းအောင်ကို ကျေးရွာ အုပ်ချုပ်ရေးမှူး ဒေါ်အေးပိုင်၊ ရာအိမ်မှူး ဝင်းဘိုနှင့် အကြမ်းဖက် စစ်တပ်က နေအိမ်ထိ လာရောက်၍ ပေါ်တာဆွဲ ဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။
အကြမ်းဖက် စစ်တပ်နှင့် အုပ်ချုပ်ရေးမှူးများက ပေါ်တာဆွဲ ဖမ်းဆီးသွားသော ကိုမျိုးမင်းအောင်တွင် ကလေးငယ် ၂ ဦးနှင့် အမျိုးသမီး ကျန်ရှိခဲ့ပြီး လက်ရှိချိန်တွင် စားဝတ်နေရေး ခက်ခဲနေပြီး လက်ရှိချိန်ထိ ကိုမျိုးမင်းအောင်နှင့် အဆက်အသွယ်မရသေးကြောင်း သိရသည်။
“မှော်ဘီ ထိန်စွန်းရွာမှာ စစ်မှုထမ်းဖို့ စစ်ခွေးခန့် အုပ်ချုပ်ရေးမှူး မြင့်အေးက သန်းခေါင်စာရင်း လိုက်ကောက်နေတယ်။ လူငယ်တွေက တိမ်းရှောင်နေရပြီး တချို့က ပြည်သူ့ တော်လှန်ရေးထဲ ဝင်ရောက်ဖို့ စိတ်ပြင်းပြနေတယ်။ ရွာမှာရှိနေတဲ့ လူငယ်တွေ ကြောက်လန့်နေပါတယ်။ စစ်မှုထမ်းကြေးဆိုပြီး အုပ်ချုပ်ရေးမှူးတွေက လစဉ်ငွေကောက်တာတွေလည်းရှိတယ်။ ငွေပေးနေပေမယ့်လည်း နေအိမ်ထိ ပေါ်တာဆွဲ လာဖမ်းတာတွေလည်းရှိတယ်။ ဇန်နဝါရီလ ၇ ရက်နေ့ညက ညောင်တုန်းကျေးရွာမှာ နေထိုင်တဲ့ ကိုမျိုးမင်းအောင်ကို စစ်တပ်က နေအိမ်ထိ လာရောက်ပြီး ပေါ်တာဆွဲ ဖမ်းဆီးသွားတယ်။ ကိုမျိုးမင်းအောင် မှာက လူမမယ် ကလေး ၂ ဦးနဲ့ အမျိုးသမီးကျန်ခဲ့တယ်။ မိသားစုဝင်တွေလည်း အခုလက်ရှိ စားဝတ်နေရေး ခက်ခဲနေပြီး အဆက်အသွယ်မရသေးဘူးလို့ သိရတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
ထို့ပြင် မကွေးတိုင်း၊ သရက်မြို့နယ်ရှိ ကျေးရွာ ၃ ရွာကို အကြမ်းဖက် စစ်တပ်က ဝင်ရောက် ပေါ်တာဆွဲ ဖမ်းဆီး၍ ရွာလုံးကျွတ် လူငယ်များ ထွက်ပြေး တိမ်းရှောင်နေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဇန်နဝါရီလ ၁၀ ရက်နေ့တွင် သရက်မြို့နယ် အမှတ် ၁၂ ကာကွယ်ရေးပစ္စည်းစက်ရုံဘေးရှိ ပိတောက်ရွာ၊ တောင်ဘောရွာနှင့် မြောက်ဘောရွာမှ လူငယ်များကို ဝင်ရောက် ပေါ်တာဆွဲ ဖမ်းဆီးခဲ့ကြောင့် ကျေးရွာများမှ လူငယ်များ ထွက်ပြေး တိမ်းရှောင်နေရခြင်းဖြစ်ကြောင်း သိရသည်။
အကြမ်းဖက် စစ်ကောင်စီ တပ်သားများက အရပ်စီးကားများဖြင့် ကျေးရွာအတွင်း ဝင်ရောက် ပေါ်တာဆွဲ ဖမ်းဆီးခြင်းဖြစ်ပြီး လူငယ်များ ထွက်ပြေး တိမ်းရှောင်နိုင်ခြင်းကြောင့် ဖမ်းဆီးခံရသူမရှိကြောင်း သိရှိရသည်။
“ဇန်နဝါရီ ၁၀ ရက်နေ့က ကပစ ၁၂ ဘေးက ပိတောက်ရွာ၊ တောင်ဘောရွာနဲ့ မြောက်ဘောရွာကို စစ်ခွေးတွေ ဝင်ဆွဲလို့ အကုန်ပြေးကြရပါတယ်။ ညနေပိုင်းလည်း ညောင်ဇစ်အုပ်စုကို ရေချိုးချိန် ရေဆိပ်မှာ ဝင်ဆွဲတာ အကုန်ပြေးနိုင်လို့ လွတ်ခဲ့ရပါတယ်။ အခုက ရွာထဲထိကို ဝင်ဆွဲနေတာ စစ်တပ်က အိမ်စီးကား အဖြူလေး ၂ စီးနဲ့ ရောက်လာပြီး ဆွဲတာပါ။ အဲကား ၂ စီး ကပစ ၁၂ ဘက်ကို ပြန်သွားတာတော့ တွေ့လိုက်တယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar