ရန်ကုန်၊ ဇန်နဝါရီ ၁၅
ရန်ကုန်တိုင်း၊ လှိုင်သာယာအရှေ့ပိုင်းမြို့နယ်၊ ကစင်ကျေးရွာမှ မောင်စိုးမိုးထက်နှင့်ယောက်ဖဖြစ်သူ မောင်ထက်ကိုကို တို့ ၂ ဦးကို စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးပြီး စစ်ထဲသို့ ခေါ်ဆောင်သွားကြောင်း မိတ်ဆွေများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဇန်နဝါရီလ ၈ ရက်နေ့ နံနက် ၉ နာရီခွဲအချိန် လှိုင်သာယာမြို့နယ်၊ ကစင်ကျေးရွာအုပ်စု၊ ကစင် ၂၃ ရပ်ကွက်၊ စိန်ပန်း ၁ လမ်းတွင် နေထိုင်သော မောင်စိုးမိုးထက်နှင့်ယောက်ဖဖြစ်သူ မောင်ထက်ကိုကိုတို့ကို စစ်တပ်က စစ်မှုထမ်းရမည်ဟုဆိုကာ ဝင်ရောက် ဖမ်းဆီးကြောင်း၊ မောင်စိုးမိုးထက်မှာ မျက်လုံး မကောင်းမွန်ဘဲ မျက်မှန်တပ်ရသူဖြစ်ကြောင်း သိရှိရသည်။
“သူတို့က အဆောင်မှာနေတာ။ မောင်စိုးမိုးထက်က မျက်စိမကောင်းပါဘူး။ အဲဒါ သူတို့နှစ်ဦးကို ဝင်ဖမ်းသွားတယ်။ ဇန်နဝါရီလ ၁၃ ရက်နေ့ ညနေမှာ မင်္ဂလာဒုံ စစ်ဆေးရုံမှာ ဆေးစစ်တော့ ၂ ဦးစလုံး ဆေးအောင်တယ်ဆိုပြီး အကြောင်းကြားတယ်။ စစ်သင်တန်းတက်ရမယ်၊ ရှေ့တန်းထွက်ရမယ်လို့ မိသားစုကို အကြောင်းကြားတယ်” ဟု မိတ်ဆွေဖြစ်သူက ပြောဆိုသည်။
မောင်စိုးမိုးထက်နှင့်ယောက်ဖဖြစ်သူ မောင်ထက်ကိုကို တို့ကို စစ်တပ်က စစ်မှုထမ်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်ပြီး ကစင်ကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် မှတ်ပုံတင်များ သိမ်းဆည်းခြင်း၊ ကျန်ရစ်သူမိသားစုကို ဝန်ခံလက်မှတ်ရေးထိုးခိုင်းခြင်း၊ သန်းခေါင်စာရင်းများ သိမ်းဆည်းခြင်းများကို ရပ်ကွက်ရုံးက လုပ်ဆောင်ခဲ့ကြောင်း မိတ်ဆွေဖြစ်သူထံမှ သိရှိရသည်။
“စစ်ထဲခေါ်သွားတဲ့သူတွေ ထွက်မပြေးအောင် ခံဝန် လက်မှတ်ထိုးခိုင်းတယ်။ မှတ်ပုံတင်သိမ်းတယ်။ သန်းခေါင်စာရင်း သိမ်းတယ်။ သွားယူတော့လည်း မပေးဘူး” ဟု မိတ်ဆွေက ရှင်းလင်းပြောဆိုသည်။
စစ်မှုထမ်းအဖြစ် ခေါ်ဆောင်ခံရသူ မောင်စိုးမိုးထက်နှင့်ယောက်ဖဖြစ်သူ မောင်ထက်ကိုကို တို့မှာ နယ်ဒေသများမှဖြစ်ပြီး ရန်ကုန်တွင် မိသားစုလိုက် ရွှေ့ပြောင်း လာရောက် အလုပ်လုပ်ကိုင်နေသူများဖြစ်ကြောင်း သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
