ရန်ကုန်၊ ဇန်နဝါရီ ၁၅
မကွေးတိုင်း ပွင့်ဖြူမြို့နယ် မင်းဘူးမြို့နယ် နှင့် ပဲခူးတိုင်း မင်းလှမြို့နယ် ကြို့ပင်မြို့နယ်တို့တွင် အကြမ်းဖက် စစ်တပ်က လူငယ် ၅၀ ကျော်ကို ၃ ရက်ဆက်တိုက် ပေါ်တာဆွဲ ဖမ်းဆီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဇန်နဝါရီလ ၁၄ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်တွင် ပွင့်ဖြူမြို့နယ်၊ ဖလံတောရွာမှ အုတ်သွားဝယ်သည့် ကျောင်းသား ၅ ဦး အပါအဝင် ပြည်သူ ၂၀ ကျော်ခန့်ကို အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ပေါ်တာဆွဲ ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း၊ အလားတူ ယင်းနေ့တွင် ပွင့်ဖြူမြို့နယ်၊ စံပြမြောင်းဘောင် တလျောက်တွင်လည်း အကြမ်းဖက် စစ်တပ်က သေနတ်ပစ်ခတ်ပြီး လူငယ် ၁၆ ဦးကျော်ကို ပေါ်တာဆွဲ ဖမ်းဆီးခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ – စစ်မှုထမ်းအပတ်စဉ် ၈ မှ စုဆောင်းခံရသော လူငယ်များ။
“ပွင့်ဖြူမြို့နယ် ဖလံတောကျေးရွာမှာ လူငယ် ၂၀ ကျော် ပေါ်တာဆွဲ ဖမ်းဆီးခံရပါတယ်။ နာရေးအတွက် အုတ်တိုက် သွားတဲ့ရွာက လူငယ်တွေ ၂၀ ကျော်လောက် ပေါ်တာဆွဲဖမ်းဆီးခံလိုက်ရတာပါ။ ကျောင်းသား ၅ ဦးလောက်လည်း ပါသွားတယ်။ စံပြမြောင်းဘောင် တလျောက်မှာလည်း စစ်တပ်က သေနတ် ပစ်ဖောက်ပြီး လူငယ် ၁၆ ဦးကို ဖမ်းဆီးသွားတယ်” ဟု ဒေသပြည်သူများက ပြောဆိုသည်။
အလားတူ မကွေးတိုင်း၊ မင်းဘူးမြို့နယ်၊ စကုမြို့အနီး ကျေးရွာများကို အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ပေါ်တာဆွဲ ဖမ်းဆီးခြင်းကြောင့် လူငယ် ၆ ဦးကျော် ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။
ဇန်နဝါရီလ ၁၄ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် စကုမြို့ရဲစခန်းမှ အကြမ်းဖက် စစ်ကောင်စီ တပ်သားများက စကုမြို့ပေါ်မှ ပျူစောထီးများကို ဖောကားများ၊ ဆိုင်ကယ်များဖြင့် ခေါ်ဆောင်လာပြီး ဥယျာဉ်ဇင်ရွာ၊ ထနောင်းတောရွာ၊ ခံကုန်းရွာ၊ လက်ခုပ်ပင်ရွာ၊ ပင်လယ်သက်ရွာ၊ ပေကုန်းရွာ၊ ကျွဲတဲရွာများကို ဝင်ရောက် စီးနင်းပြီး လူငယ်များကို အတင်းအဓမ္မ ပေါ်တာဆွဲ ဖမ်းဆီးခဲ့ခြင်းကြောင်း သိရှိရသည်။
အကြမ်းဖက် စစ်တပ်၏ ပေါ်တာဆွဲ ဖမ်းဆီးမှုကြောင့် ပေကုန်းကျေးရွာမှ လူငယ် ၂ ဦး၊ ခံကုန်းကျေးရွာမှ လူယ် ၁ ဦး၊ ကျွဲတဲကျေးရွာမှ လူငယ် ၂ ဦးနှင့် မင်းဘူးမြို့ပေါ် အောင်မြေရပ်ကွက်မှ လူငယ် ၁ ဦးကို ပေါ်တာဆွဲ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း၊ ထို့သို့ အကြမ်းဖက် စစ်တပ်၏ အဓမ္မ ပေါ်တာဆွဲ ဖမ်းဆီးမှုများကြောင့် ပြည်သူများသည် မင်းဘူးမြို့နှင့် စကုမြို့ အကြား သွားလာရန် ခက်ခဲနေပြီး စကုမြို့ပေါ်တွင်လည်း လူငယ်များ တိမ်းရှောင်ထွက်ပြေးနေရကြောင်း သိရသည်။
ထို့ပြင် ပဲခူးတိုင်း၊ မင်းလှမြို့နယ်၊ ဘွတ်စိန်ဘုအုပ်စု၊ ရွာသာယာရွာမှ လူငယ်များကို ဇန်နဝါရီလ ၁၂ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ဝင်ရောက် ပေါ်တာဆွဲ ဖမ်းဆီးခြင်းကြောင့် ကျေးရွာအတွင်းနေထိုင်သော ကိုနိုင်ဝင်း ဆိုသူကို ပေါ်တာဆွဲ ဖမ်းဆီးသွားပြီး မင်းလှမြို့နယ် ထွေ/အုပ်ရုံးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း၊ ထို့နောက် မိသားစုဝင်များက ထွေ/အုပ်ရုံးကို လိုက်လံသွားပြီး ငွေကျပ် သိန်း ၈၀ ဖြင့် ရွေးထုတ်ခဲ့ရကာ ထပ်မံ ဖမ်းဆီးရမိပါက ပြန်လွှတ်ပေးမည်မဟုတ်ကြောင်း ပြောဆိုခဲ့သည်ဟု သိရှိရသည်။
ဇန်နဝါရီလ ၁၂ ရက်နေ့ မွန်းလွဲ ပိုင်းတွင်းလည်း အုတ်ဖိုမြို့နယ်၊ ဘုရားကွင်း+အင်တောသာ (ဘုရားဝင်း)ရွာကို အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ဝင်ရောက်စီးနင်းပြီး လူငယ် ၂ ဦးကို ပေါ်တာဆွဲ ဖမ်းဆီးခဲ့ကြောင်း၊ ည ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် ညောင်သုံးပင်ကျေးရွာ အတွင်းကို စစ်ကောင်စီ တပ်သားများ ဝင်ရောက် စီးနင်းခဲ့ပြီး ပြည်သူပိုင်နေအိမ် တံခါးများကို ရိုက်ဖွင့်၍ ပေါ်တာဆွဲ ဖမ်းဆီးခဲ့သော်လည်း လူငယ်များ အချိန်မီ ထွက်ပြေးသွား၍ လွှတ်မြောက်သွားသောကြောင့် နေအိမ်အတွင်းးရှိ ပစ္စည်းများကို ဖျက်ဆီးသွားကြောင်း သိရသည်။
ဇန်နဝါရီလ ၁၃ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် ကိုင်းပြင်ကြီးရွာမှ ဆိုင်ကယ်စီးလာသည့် လူငယ် ၁ ဦးကိုလည်း အကြမ်းဖက် စစ်ကောင်စီတပ်သားများ ပေါ်တာဆွဲ ဖမ်းဆီးပြီး ဆိုင်ကယ်ကိုလည်း သိမ်းယူသွားကာ မင်းလှထွေအုပ်ရုံးကို ဖမ်းခေါ်သွားကြောင်း၊ ယင်းနေ့ ည ၁၂ နာရီခန့်တွင်လည်း ရန်ကုန်-ပြည် လမ်းပိုင်းရှိ ရွှေဝါမြိုင်ရွာကို အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထပ်မံ ဝင်ရောက်စီးနင်းပြီး ကျေးရွာနေပြည်သူများ ကိုမျိုးဇော်ကိုလည်း ပေါ်တာဆွဲ ဖမ်းဆီးသွားကြောင်း သိရှိရသည်။
ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်၊ စစ်ကုန်း ၁ ကျေးရွာ အုပ်ချုပ်ရေးမှူး ဇော်လေးနှင့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ဇန်နဝါရီလ ၁၃ ရက်နေ့ ညနေ ၅ နာရီ ၃၀ မိနစ်ခန့်တွင် စစ်ကုန်း ၁ ရွာမှ မြို့ပေါ် အလုပ်သွားရောက် လုပ်ကိုင်ပြီး နေအိမ်ပြန်လာသည့် ကိုငမုတ်၊ ကိုအငယ်လေး နှင့် ကိုဘိုရဲကြီး တို့ကို စစ်ကောင်စီ တပ်သားများက ရွာအနောက်ဘက်ထိပ် ရေကန်အနီးတွင် ပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်း သိရသည်။
အဆိုပါ ပေါ်တာဆွဲ ဖမ်းဆီးခံရသူများထဲမှ ကိုအငယ်လေးနှင့် ကိုဘိုရဲကြီးတို့သည် ကြို့ပင်ကောက်မြို့ပေါ်ရှိ “ကိုဇော်သက်” ဆီဆိုင်တွင် အလုပ်လုပ်ကိုင်နေသူများဖြစ်ပြီး ကိုငမုတ်သည် ကြုံရာအလုပ်လုပ်ကိုင်နေသူဖြစ်ကြောင်း၊ ယင်း ပေါ်တာဆွဲ ဖမ်းဆီးခံရသူ ၃ ဦးလုံးသည် မိသားစုဝင်များကို လုပ်ကိုင်ရှာဖွေ ကျွေးမွေးနေသူများဖြစ်ကြောင်း သိရှိရသည်။
“ပေါ်တာဆွဲခံရသူ ၃ ဦးက သူတို့ရရှိတဲ့ လုပ်အားခနဲ့ မိသားစုကို လုပ်ကိုင်ကျွေးမွေးနေတဲ့ လူကောင်းလေးတွေပါ။ စစ်ကုန်း ၁ ကျေးရွာ အုပ်ချုပ်ရေးမှူး ဇော်လေး တောင်းတဲ့ စစ်မှုထမ်း ထောက်ပံ့ကြေး တစ်သိန်းအား မပေးနိုင်လို့ ဖမ်းဆီးခံရတာဖြစ်တယ်လို့ သိရတယ်။ သူတို့လို စစ်မှုထမ်းကြေး မပေးနိုင်တဲ့ နေအိမ်တွေကို အုပ်ချုပ်ရေးမှူးနဲ့ စစ်ခွေးတွေက လိုက်လံပေါ်တာဆွဲနေလို့ တိမ်းရှောင်နေရတဲ့ လူငယ်တွေလည်း ရှိတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
