ရန်ကုန်၊ ဇန်နဝါရီ ၂၂
သတင်းမီဒီယာများအနေဖြင့် စစ်ကောင်စီနှင့်စစ်တပ်အပေါ် ထိခိုက်စေသည့် ရေးသားမှုများ ရှောင်ကြရန်နှင့် စစ်တပ် ဆန့်ကျင်သူများကို အားပေး အားမြှောက်လုပ် ရေးသားလျှင် သတင်းမီဒီယာများကို အရေးယူမည်ဖြစ်ကြောင်း အကြမ်းဖက် စစ်ကောင်စီ၏ ပြန်ကြားရေးဝန်ကြီး မောင်မောင်အုန်း ခြိမ်းခြောက်လိုက်သည်။
အကြမ်းဖက်စစ်ကောင်စီက ဖွဲ့စည်းထားသော စစ်တပ်အလိုကျ အမည်ခံ မြန်မာ သတင်းမီဒီယာကောင်စီနှင့်တွေ့ဆုံစဉ် ၎င်းက အထက်ပါအတိုင်း ထပ်မံ ၍ ခြိမ်းခြောက်ပြောဆိုလာခြင်းဖြစ်သည်။
ယနေ့ခေတ်တွင် သတင်းမီဒီယာသည် လွန်စွာအရေးကြီးပြီး သတင်းမီဒီယာများ၏လွှမ်းမိုးမှုသည် နေ့စဉ်ဘဝများကို လွန်စွာအကျိုးသက်ရောက်မှုရှိကြောင်း၊ စစ်ကောင်စီနှင့်စစ်တပ် အပေါ် ထိခိုက်စေနိုင်သည့် ရေးသားဖော်ပြမှုများကိုရှောင်ကြဉ်ရန်နှင့် အပြုသဘောရေးသားဖော်ပြပေးကြရန် ၊ သတင်းမီဒီယာများအနေဖြင့် စစ်တပ်ဆန့်ကျင်သူများကို အားပေးအားမြှောက်ဆန်သည့်သတင်းများ၊ ပြည်သူများ အထိတ်တလန့်ဖြစ်စေသည့် သတင်းများ၊ုတည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေမည့်သတင်းများကို ရေးသားဖော်ပြခြင်းမပြုရန်၊ လိုက်နာခြင်းမရှိပါက တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်မည်ကို ကျယ်ပြန့်စွာအသိပေးထားရန်လိုအပ်ကြောင်း မောင်မောင်အုန်းက ခြိမ်းခြောက်ပြောဆိုသည်။
လက်ရှိ စစ်ကောင်စီ၏ ဖိနှိပ်မှုများကြောင့် ပြည်တွင်းတွင် ရပ်တည်နေသော ပုဂ္ဂလိက မီဒီယာတချို့မှာ သတင်းရေးသားဖော်ပြရာတွင် လွတ်လပ်စွာ ရေး သားခွင့် လုံး၀ မရှိတော့ဘဲ သတင်းလွတ်လပ်ခွင့်ပါ ဆုံးရှုံးနေကြောင်း၊ စစ်တပ်အလိုကျ ရေးသားသော လော်ဘီ မီဒီယာအမည်ခံများမှာလည်း စစ်တပ်က ထုတ်ပြန်သော သတင်းများကိုသာ အဓိက ဦးစားပေးဖော်ပြနေ၍ ပြည်တွင်း သတင်းလွတ်လပ်ခွင့် အခြေအနေ ဆိုးရွားကြောင်း ပြောဆိုသည်။
“ပြည်တွင်းမှာ ရှိတဲ့ မီဒီယာကတော့ အများကြီး မလုပ်နိုင်တော့ဘူး။ တိုက်ပွဲသတင်းတွေနဲ့ စစ်ပွဲ ရလဒ်တွေကတော့ ပြည်ပ အခြေစိုက်တဲ့ မီဒီယာတွေဆီကပဲ ဖတ်လို့ရတာ။ ပြည်တွင်းမီဒီယာတွေကတော့ အဲဒါတွေ ဖော်ပြဖို့ အတော်ခက်ခဲပါတယ်။ အခုထပ်ပြီး ခြိမ်းခြောက်တော့ ပြည်တွင်းမှာရှိတဲ့ ပုဂ္ဂလိက လွတ်လပ်တဲ့ မီဒီယာတွေကတော့ ပိုပြီးတော့ ဖိအားဖြစ်တယ်။ ပြည်ပရောက် မီဒီယာတွေကတော့ သူတို့ဘာပြောပြော တပ်က လက်လှမ်းမမီတော့ဘူး။ ပြည်တွင်းရှိနေတဲ့သူကို ပိုပြီး နှိပ်ကွပ်ချင်တဲ့ သဘောလို့ မြင်ပါတယ်” ဟု ပြည်တွင်းမှ ပုဂ္ဂလိက သတင်းမီဒီယာတစ်ခုမှ အယ်ဒီတာတစ်ဦးက သုံးသပ်ပြောဆိုသည်။
အကြမ်းဖက်စစ်တပ်က ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းပြီးနောက် သတင်းသမား ၁၇၀ ကျော်ကို ဖမ်းဆီးခဲ့ပြီး လက်ရှိအချိန်အထိ သတင်းသမား ၅၀ ဝန်းကျင်ကို ထောင်သွင်းအကျဉ်းချထားကြောင်း၊ ထို့ပြင် ၂၀၂၁ ခုနှစ် ၊ မတ်လ ၈ ရက်နေ့မှစတင်၍ သတင်းမီဒီယာ ၂၀ ဝန်းကျင်ကိုလည်း လိုင်စင်ရုပ်သိမ်းပြီး တရားမဝင် သတင်းမီဒီယာများအဖြစ်ကြေညာထားကြောင်း သိရှိရသည်။
ဓာတ်ပုံ – အကြမ်းဖက် စစ်ကောင်စီ၏ အကြမ်းဖက် ပြန်ကြားရေး ဝန်ကြီး မောင်မောင်အုန်း။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar