ရန်ကုန်၊ ဇန်နဝါရီ ၂၃
မြန်မာနိုင်ငံ၏ လူဦးရေ ၅၂ သန်းဝန်းကျင်တွင် လူဦးရေ အနည်းငယ်သာ စစ်သားဖြစ်ခွင့်ရပြီး မွန်မြတ်၊ မြင့်မြတ်လှသည့်တာဝန်များကို ထမ်းဆောင်ရသဖြင့် ဂုဏ်ယူတတ်ကြရန် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောဆိုလိုက်သည်။
အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ယမန်နေ့ နေပြည်တော်၊တောင်ညို တပ်နယ်သို့ သွားရောက်ပြီး ထိုသို့ ပြော ဆို လိုက်ခြင်းဖြစ်သည်။
လက်ရှိ မြန်မာနိုင်ငံတွင် လူဦးရေ ၅၂ သန်းခန့်ရှိပြီး အမျိုးသား ၄၇ ရာခိုင်နှုန်းနှင့် အမျိုးသမီး ၅၃ ရာခိုင်နှုန်းခန့်ရှိကြောင်း၊ `၎င်းအနက်မှ လူဦးရေ အနည်းယ်သာ တပ်မတော်သားဘ၀ကို ခံယူ၍ မွန်မြတ်လှသည့် ၊ မြင့်မြတ်လှသည့် တာဝန်များကို ထမ်းဆောင်ရကြောင်း၊ တပ်မတော်သားများ၏ဘ၀ကို ဂုဏ်ယူတတ်ရန်နှင့် ပေးအပ်လာသည့်တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ကြရန် မင်းအောင်လှိုင်က အမိန့်ပေး ညွှန်ကြားသည်။
အကြမ်းဖက်စစ်ခေါင်းဆောင်က ထိုသို့ ပြောဆိုသော်လည်း လက်တွေ့တွင် စစ်တပ်အတွင်း သေဆုံးမှုများပြားပြီး တိုက်ခိုက်သူ မရှိ၍ စစ်မှုထမ်း ဥပဒေကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့ အသက်သွင်းခဲ့ကြောင်း၊ ယမန်နှစ် မေလမှစတင်၍ စစ် မှုထမ်း သင်တန်းများဖွင့်လှစ်ခဲ့ကာ ယခုအခါ တပ်သား သစ် အရေအတွက် လုံလောက်စွာမရ၍ နိုင်ငံတစ်ဝန်းတွင် စစ်တပ်က လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးမှုများ လုပ်ဆောင်လျက်ရှိကြောင်း သိရှိရသည်။
ယနေ့ ဇန်နဝါရီလ ၂၃ ရက်နေ့ မော်လမြိုင်မြို့နယ်တွင် စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးမှုများ လုပ်ဆောင်ခဲ့ပြီး လူငယ်တချို့ ဖမ်းဆီးခံရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
“မော်လမြိုင်မြို့စွန်ဘက်မှာ ဒီမနက်အစောပိုင်းက အိမ်ထဲထိဝင်ပြီး လူငယ်တွေကို ဖမ်းဆီးပါတယ်။ အဲဒီမှာ အသက် ၂၀ ဝန်း ကျင်ရှိတဲ့ လူငယ် ၂ ဦးကို ဖမ်းဆီးသွားပါတယ်။ မိသားစုကို တစ်ဦးကို ၁၀ သိန်းနှုန်းနဲ့ သိန်း ၂၀ ပေးသွားပါတယ်။ စစ် မှုထမ်းဖို့အတွက် လျှော်ကြေးပေးတာလို့ပြောပါတယ်။ အသာတကြည်လိုက်ရင် မိသားစုအတွက် ငွေချန်ခဲ့မယ်။ မလိုက် ရင်ငွေတောင်ရမှာမဟုတ်ဘူးဆိုပြီး ဆွဲခေါ်သွားကြပါတယ်” ဟု မော်လမြိုင်မြို့မှ ဒေသသတင်းရင်းမြစ်က ဆိုသည်။
အလားတူ ပဲခူးတိုင်း၊ မိုးညိုမြို့နယ်၊ လက်ပံခုံကျေးရွာတွင် အုပ်ချုပ်ရေးမှူး နှင့်စစ်တပ်က လူယ်များကို ပေါ်တာဆွဲ ဖမ်းဆီးမှုများ လုပ်ဆောင်ခဲ့ပြီး ပြည်သူများထံမှလည်း စစ်မှုထမ်းငွေကြေးများ ကောက်ခံလျက်ရှိကြောင်း သိရှိရသည်။
ထို့အတူ ဇန်နဝါရီလ ၁၅ ရက်နေ့မှစတင်၍ မကွေးတိုင်း၊ မင်းဘူးမြို့နယ်၊ စကုမြို့ပေါ်တွင် စစ်တပ်နှင့် မင်းဘူးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ အုပ်ချုပ်ရေးမှူး အောင်မြင်တို့က အိမ်စီးကား ၂ စီးဖြင့် လူငယ်များကို လိုက်လံ ဖမ်းဆီးကြောင်း၊ အဓိက အားဖြင့် စစ်မှုထမ်းမည့် တပ်သားအရေအတွက် မပြည့်မီ၍ ပေါ်တာဆွဲ ဖမ်းဆီးမှုများ လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသည်။
“ဇန်နဝါရီလ ၁၅ ရက်နေ့ မနက်ပိုင်းကစပြီး စကုမြို့ပေါ်မှာ အိမ်စီးကား ၂ စီးနဲ့ လူငယ်တွေတွေ ပေါ်တာဆွဲ ဖမ်းဆီးနေတာ ဒီနေ့အထိပါပဲ။ မင်းဘူးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြင် ကိုယ်တိုင်ဦးစီးပြီး တွေ့တဲ့လူငယ်တွေကို လမ်းပေါ်၊ အလုပ်ရုံတွေထဲအထိ လက်ထိပ်ခတ်ဖမ်းဆီး တပ်ထဲပို့ပါတယ်။ ဇန်နဝါရီလ ၁၄ ရက်နေ့ စကုနယ်မြေရဲစခန်းရှေ့က ဆိုင်ကယ်ဝပ်ရှော့မှာ အလုပ် လုပ်နေတဲ့ လူငယ် ၁ ဦးကို စစ်မှုထမ်းဖို့ ဖမ်းဆီးသွားပါတယ်။ ဆိုင်ရှေ့ကို ကားမောင်းသူ ၁ ဦးတည်းပါတဲ့ အနေ အထားနဲ့ မောင်းလာပြီး ဆိုင်ရှေ့ရောက်မှ ဟွန်းတီးပါတယ်။ နောက်ခန်းနဲ့ ထိုင်ခုံတွေမှာ စစ်သားတွေကို လူမမြင်အောင် လုပ်ပြီး ဟွန်းသံကြားလို့ ထွက်လာမှ ဆင်းဖမ်းတာပါ” ဟု ဒေသပြည်သူတစ်ဦးက ရှင်းလင်းပြောဆိုသည်။
အကြမ်းဖက်စစ်ကောင်စီက အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း လူငယ်များကို လစဉ် စစ်မှုထမ်း တပ်သားသစ်များအဖြစ် လူဦးရေ ၅၀၀၀ ခေါ်ယူမည်ဖြစ်ကြောင်း ထုတ်ပြန်ပြောဆိုထားသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar