အမေရိကန်က ပြည်ပအကူအညီများ ရပ်ဆိုင်းလိုက်သဖြင့် ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်းများမှ ဆေးရုံဆေးခန်းများ အားလုံး ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ချက်ချင်းရပ်ဆိုင်း
ရန်ကုန်၊ ဇန်နဝါရီ ၂၈
အမေရိကန်ပြည်ထောင်စုက ပြည်ပနိုင်ငံများသို့ ပေးအပ်နေသည့် အကူအညီများအားလုံး ရပ်ဆိုင်းလိုက်သဖြင့် ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်းများမှ ဆေးရုံဆေးခန်းများ အားလုံး ကျန်းမာရေးစောင့်ရှောက်မှု ရပ်တန့်လိုက်ရကြောင်း နယ်စပ် အခြေစိုက် ဒုက္ခသည် အကူအညီပေးရေးအဖွဲ့ များက ပြောဆိုကြသည်။
ဇန်နဝါရီလ ၂၄ ရက်နေ့မှစတင်၍ အမေရိကန်အစိုးရက ပြည်ပအကူအညီများအားလုံးကို ချက်ချင်းရပ်ဆိုင်းပြီး ၃ လ စိစစ်ရန် အမိန့်ထုတ်ပြန်လိုက်ရာ အဆိုပါ အမိန့်မှာ ထိုင်း-မြန်မာနယ်စပ်တွင် ဒုက္ခသည်များကို ကျန်းမာရေးစောင့်ရှောက်မှု ပေးနေသည့် လုပ်ငန်းများအပေါ်လည်း သက်ရောက်မှုရှိကြောင်း၊ ဒုက္ခသည်စခန်းများမှ ဆေးရုံနှင့်ဆေးခန်းတချို့လည်း ချက်ချင်းပိတ်သိမ်းလိုက်ရပြီး လူနာများကို ဆေးရုံပေါ်မှ ချက်ချင်းဆင်းခိုင်းကြောင်း သိရှိရသည်။
“အမေရိကန်၏ ဒုက္ခသည်များ ကျန်းမာရေးကူညီပေးရေးအဖွဲ့(IRC-International Rescue Committee)က ရက်ပေါင်း ၉၀ ၃လ အကူအညီတွေ ရပ်ထားမယ်။ ၃ လပြီးရင်လည်း ပေးဖြစ်ချင်မှလည်း ပေးဖြစ်မယ့် အခြေအနေဖြစ်တော့ ဘာမှ မသေချာဘူး။ အဲဒါကြောင့် ဒီနေ့ကစလို့ မယ်လ (ဘဲကလော) ဒုက္ခသည်စခန်းက ဆေးရုံ အပါအဝင် ဒုက္ခသည်စခန်းတွေက ကျန်မာရေးစောင့်ရှောက်မှု လုပ်ငန်းတွေ ချက်ချင်း ပိတ်လိုက်ရပြီ။ အမေရိကန်အစိုးရရဲ့ ပြည်ပအကူအညီတွေ ဖြတ်တောက်မှု ရဲ့ နောက်ဆက်တွဲဖြစ်တာပါ” ဟု နယ်စပ်မှ ဒုက္ခသည်ကူညီရေးအဖွဲ့အစည်းတစ်ခုတွင် အလုပ်လုပ်နေသည့် ဝန်ထမ်းတစ်ဦးက ပြောဆိုသည်။
ထိုင်း-မြန်မာနယ်စပ်တွင် နို့ဖိုးဒုက္ခသည်စခန်း၊ အုန်းဖြန်ဒုက္ခသည်စခန်းနှင့် မယ်လဒုက္ခသည်စခန်းများတည်ရှိနေပြီး ယင်းဒုက္ခသည်စခန်းများမှ စစ်ဘေးရှောင် ပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများအားလုံး ရပ်တန့်ထားကြောင်း၊ လူသားချင်းစာနာထောက်ထားမှု အကူအညီများ၊ မိခင်နှင့်ကလေး ကာကွယ်ဆေးနှင့် ကျန်းမာရေး အသိပညာပေး အစီအစဉ်များ အပါအဝင် ဒုက္ခသည် ကူညီပေးရေး လုပ်ငန်းများအားလုံး ရပ်ဆိုင်းသွားခြင်းဖြစ်ကြောင်း သိရှိရသည်။
ထို့ပြင် ထိုင်း-မြန်မာနယ်စပ်တွင် အခြေစိုက်၍ လူ့အခွင့်အရေး လှုပ်ရှားနေသော အဖွဲ့အစည်းများ၊ အမျိုးသမီးအရေးနှင့် လူနည်းစုများအရေး လှုပ်ရှားနေသောလူမှု အခြေပြု CSO အဖွဲ့အစည်းများမှာလည်း အမေရိကန်၏ ပြည်ပအကူအညီ ဖြတ်တောက်မှုကြောင့် သက်ရောက်မှုရှိနေပြီး တချို့သောအဖွဲ့များမှာ ယာယီရပ်နားသွားရကြောင်း သိရှိရသည်။
