25 C
Yangon

အာဏာသိမ်း ၄ နစ်ပြည့်ချိန် စစ်အာဏာရှင်ကို အပြင်းထန်ဆုံး ရှုတ်ချပြီး မြန်မာပြည်သူများနှင့်အတူ ရပ်တည်ဟု အမေရိကန်၊ ဗြိတိန် ၊ EU အပါအဝင် နိုင်ငံတကာ အသိုင်းအ၀ိုင်းက ကြေညာ

Must read

အာဏာသိမ်း ၄ နစ်ပြည့်ချိန် စစ်အာဏာရှင်ကို အပြင်းထန်ဆုံး ရှုတ်ချပြီး မြန်မာပြည်သူများနှင့်အတူ ရပ်တည်ဟု အမေရိကန်၊ ဗြိတိန် ၊ EU အပါအဝင် နိုင်ငံတကာ အသိုင်းအ၀ိုင်းက ကြေညာ

🟥 တော်လှန်ရေးအင်အားစုများ၏ နိုင်ငံတည်ဆောက်ရေးလုပ်ငန်းစဉ်ကို နိုင်ငံတကာက ထောက်ခံကြရန် SAC- M တိုက်တွန်း

ရန်ကုန်၊ ဖေဖော်ဝါရီ ၁

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှု ၄ နစ်ပြည့်ချိန် စစ်အာဏာရှင်ကို အပြင်းထန်ဆုံးရှုတ်ချပြီး မြန်မာပြည်သူများနှင့်အတူ အမေရိကန်၊ ဗြိတိန် ၊ ဥရောပသမဂ္ဂ အပါအဝင် နိုင်ငံတကာအစုအဖွဲ့က ဆက်လက်ရပ်တည်လျက်ရှိကြောင်း ယနေ့ ထုတ်ပြန်ကြောသည်။

သြစတြေးလျ၊ ကနေဒါ၊ ဥရောပသမဂ္ဂ၊ ကိုရီးယားသမ္မတနိုင်ငံ၊ နယူးဇီလန်၊ နော်ဝေး၊ ဆွစ်ဇာလန်၊ ယူကေနှင့် အမေရိကန်ပြည်ထောင်စုတို့က စစ်အာဏာရှင်ကို ဆန့်ကျင်နေသော မြန်မာပြည်သူများနှင့်အတူ ဆက်လက်ရပ်တည်လျက်ရှိကြောင်း၊

စစ်အာဏာသိမ်းလိုက်သည့်အချိန်မှစ၍ မြန်မာပြည်သူပြည်သားများသည် ၄င်းတို့၏ အခွင့်အရေးများ၊ ဒီမိုကရေစီမျှော် လင့်ချက်များ ပျောက်ကွယ်ဆုံးရှုံးနေပြီး ထောင်ပေါင်းများစွာသောပြည်သူတို့၏ လွတ်လပ်မှုနှင့် အသက်အိုးအိမ်ကိုပါ ဆုံးရှုံးခဲ့ကြရကြောင်း ထုတ်ပြန်ထားသည်။

မြန်မာစစ်အာဏာရှင်အနေဖြင့် လူ့အခွင့်အရေးချိုးဖောက်မှုများ၊ လိင်ပိုင်းဆိုင်ရာနှင့် ကျား/မအခြေပြုအကြမ်းဖက်မှုများ၊ ဘာသာရေးနှင့်တိုင်းရင်းသားလူနည်းစုများအပေါ် စနစ်တကျ နှိပ်ကွပ်မှုနှင့် ခွဲခြားဆက်ဆံမှုများ အပါအဝင် အကြမ်းဖက်မှုများ အရှိန်မြှင့်ဆောင်ရွက်နေခြင်းကို အပြင်းထန်ဆုံး ပြစ်တင်ရှုတ်ချကြောင်း၊ စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများသည် အရပ်သားပြည်သူများကို အသက်ဆုံးရှုံးစေပြီး ကျောင်းများ၊ ဈေးများ၊ ဝတ်ပြုရာနေရာများနှင့် ဆေးရုံ၊ဆေးခန်းများကို ပျက်စီးစေခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှုများသည် ၂၀၂၁ ခုနှစ်ကထက် ၂၅ ဆနီးပါးတိုးမြင့်လာရာ တစ်ရက်လျှင် လေကြောင်းတိုက်ခိုက်မှု ပျမ်းမျှ ၃ ကြိမ်ရှိကြောင်း ဖော်ညွှန်းနေကြောင်း၊ ပဋိပက္ခဖြစ်ပွားခြင်းမရှိသည့် ဒေသများတွင် အဆိုပါလေ ကြောင်းတိုက်ခိုက်မှုများ မြင့်မားလာခြင်းသည် စစ်တပ်၏ အကြမ်းဖက်မှုများ အရှိန်မြှင့်ဆောင်ရွက်နေခြင်းကို အထင်းသားပေါ်လွင်စေကြောင်း နိုင်ငံအစုအဖွဲ့၏ ကြေညာချက်တွင် ရေးသားထားသည်။

အကြမ်းဖက်မှုများ ချက်ချင်းလျှော့ချရန်နှင့် နိုင်ငံတစ်ဝန်းသို့ လူသားချင်းစာနာမှုဆိုင်ရာအကူအညီများ အတားအဆီးမရှိ အပြည့်အဝ ဘေးကင်းလုံခြုံစွာပေးအပ်နိုင်စေရန် မြန်မာစစ်တပ်ကို တောင်းဆိုကြောင်း၊ ထို့အပြင် အရပ်သားပြည်သူများကို အကာအကွယ်ပေးရေး ဦးစားပေးဆောင်ရွက်ရန်နှင့် နိုင်ငံတကာ လူသားချင်းစာနာမှုဆိုင်ရာဥပဒေနှင့် နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေတို့ကို အပြည့်အဝ လိုက်နာကျင့်သုံးရန် ပါဝင်ပတ်သက်သည့်အဖွဲ့အစည်းအားလုံးကို တိုက်တွန်းထားသည်။

၂၀၂၅ ခုနှစ်တွင် လူသားချင်းစာနာမှုဆိုင်ရာအကူအညီလိုအပ်ချက်များသည် အာဏာသိမ်းပြီးသည့်အချိန်ကထက် အဆ ၂၀ ပိုမိုတိုးမြင့်လာခဲ့ကြောင်း၊ နိုင်ငံလူဦးရေ၏ သုံးပုံတစ်ပုံ သို့မဟုတ် ၁၉ ဒသမ ၉ သန်းကျော်သည် လူသားချင်းစာနာမှုဆိုင်ရာ အခြေခံအထောက်အပံ့များကို လိုအပ်လျက်ရှိကြောင်း၊ ခန့်မှန်းခြေ ၁၅ ဒသမ ၂ သန်းမျှသော ပြည်သူများမှာ စားနပ်ရိက္ခာထောက်ပံ့မှုကို လိုအပ်လျက်ရှိကာ တားဆီးနိုင်သောရောဂါများ ဖြစ်ပွားမှုနှုန်းမှာလည်း တိုးမြင့်လျက်ရှိကြောင်း သိရှိရသည်။

ပိုမိုများပြားလာသော လိုအပ်ချက်များနှင့် ဆက်လက်ဖြစ်ပွားလျက်ရှိသည့် ပဋိပက္ခများကြောင့် နေရပ်စွန့်ခွာခဲ့ရသော ပြည်သူအရေအတွက်မှာ ယမန်နှစ်ကထက် ၁ သန်းနီးပါးတိုးမြင့်လာရာ စုစုပေါင်း ၃ ဒသမ ၅ သန်းကျော်ရှိနေပြီဖြစ်ကြောင်း၊ ထို့ပြင် မြန်မာနိုင်ငံနယ်နိမိတ်များကို ဖြတ်ကျော်တိမ်းရှောင်ထွက်ပြေးခဲ့ရသည့် ပြည်သူအမြောက်အမြားလည်း ရှိကြောင်း၊ မူးယစ်ဆေးဝါးထုတ်လုပ်ခြင်းနှင့် တရားမဝင်ကုန်သွယ်ခြင်း၊ ငွေကြေးလိမ်လည်သည့်လုပ်ငန်းများနှင့် လူကုန်ကူးမှုများအပါအဝင် တိုးမြင့်လာသော နိုင်ငံဖြတ်ကျော်မှုခင်းများကြောင့် မြန်မာပြည်သူအများအပြား ထိခိုက်နစ်နာနေရပြီး အိမ်နီးချင်းနိုင်ငံများအပေါ်တွင်လည်း သက်ရောက်မှုရှိစေကာ ဒေသတွင်းမတည်ငြိမ်မှုများ ပိုမိုဖြစ်ပေါ်စေနိုင်ကြောင်းအသိပေး ကြေညာထားသည်။

ယခုလက်ရှိ ဖြစ်ပေါ်နေမှုများကြောင့် မြန်မာနိုင်ငံအတွက်ဖြစ်စေ၊ ဒေသတွင်းနိုင်ငံများအတွက်ဖြစ်စေ ရေရှည်အကျိုးဖြစ်ထွန်းစေမည်မဟုတ်ကြောင်း၊ ယခုအချိန်သည် မြန်မာစစ်အာဏာရှင်အနေနှင့် ၄င်းတို့၏လုပ်ရပ်များကို အမြန်ဆုံးရပ်တန့်ပြောင်း လဲသင့်သော အချိန်ဖြစ်ကြောင်း၊ ပြည်သူများနှင့် အရပ်ဘက်ဆိုင်ရာအခြေခံအဆောက်အအုံများကို ပျက်စီးစေခြင်းအပါ အဝင် အကြမ်းဖက်မှုများကို အဆုံးသတ်ရန်၊ မတရားဖမ်းဆီးထိန်းသိမ်းထားသည့် နိုင်ငံရေးအကျဉ်းသားများအားလုံးကို လွှတ် ပေးရန် နှင့် စစ်မှန်ပြီး အားလုံးပါဝင်သည့် တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ရန် မြန်မာစစ်အာဏာရှင်ကို နိုင်ငံတကာအစုအဖွဲ့က တိုက်တွန်းသည်။

အာဆီယံအဖွဲ့အစည်း၏ ပဓာနကျသည့် အခန်းကဏ္ဍနှင့် ဘုံသဘောတူညီချက် ၅ရပ်အပေါ် အားပေးထောက်ခံပြီး အာဆီယံနှင့် ကုလသမဂ္ဂ အထူးကိုယ်စားလှယ်များအကြား ပူးပေါင်းဆောင်ရွက်မှုကို မိမိတို့ နွေးထွေးစွာ ကြိုဆိုကြောင်း၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်အမှတ် ၂၆၆၉ (၂၀၂၂)ကို အကောင်အထည်ဖော်ဆောင်ခြင်းကို ဆက်လက် အားပေးထောက်ခံသွားရန် နိုင်ငံတကာအသိုက်အဝန်းကို တောင်းဆိုထားသည်။

အမေရိကန်၊ ဗြိတိန် ၊ ဥရောပသမဂ္ဂ အပါအဝင် နိုင်ငံတကာအစုအဖွဲ့က မြန်မာပြည်သူများနှင့်အတူ တသားတည်း ဆက်လက် ရပ်တည်သွားမည်ဖြစ်ပြီး ၎င်းတို့ ရည်မျှော်သော အားလုံးပါဝင်ပြီး ငြိမ်းချမ်းသာယာဝပြောသည့် အနာဂတ်ဖြစ်ပေါ်လာရေးကို ဆက်လက် အားပေးထောက်ခံသွားမည်ဖြစ်ကြောင်း ကြေညာသည်။

ထို့ပြင် မြန်မာစစ်တပ်ပြိုလဲလာသည်နှင့်အမျှ နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် အရပ်သားများကို ပြင်းထန်သောစစ်ရာဇဝတ်မှုများမှကာကွယ်ရန်၊ မြန်မာနိုင်ငံတွင် လက်ရှိ လုပ်ဆောင်နေသော ခုခံတော်လှန်ရေးဦးဆောင်မှုပြုသည့် နိုင်ငံတည်ဆောက်ရေးလုပ်ငန်းစဉ်ကို ထောက်ခံရန် အရေးတကြီးလုပ်ဆောင်ရမည်ဟု မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) ကလည်း ကြေညာချက်ထုတ်ပြန်သည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article