ရန်ကုန်၊ ဖေဖော်ဝါရီ ၅
ထိုင်းအစိုးရက မြန်မာနိုင်ငံဘက်အခြမ်း တာချီလိတ်၊ ဘုရားသုံးဆူနှင့် မြ၀တီဘက်သို့ ပေးထားသည့် လျှပ်စစ်မီးများကို ယနေ့ နံနက်ပိုင်း စတင်ဖြတ်တောက်သွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
“မီးတွေပြတ်သွားပြီ။ မီးစက်နဲ့ လောင်စာတွေလည်း ဝယ်မရတော့ဘူး။ ဆိုလာမီးပြားတွေလည်း ဝယ်မရတော့ဘူး။ ၀ရုန်းသုန်းကားပဲ” ဟု ဘုရားသုံးဆူ ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ကျားဖြန့်အွန်လိုင်းငွေလိမ်ဂိုဏ်းများ အခြေစိုက်ရာ မြ၀တီမြို့နယ်တွင်လည်း ယနေ့ နံနက် ၈ နာရီ ၄၀ မိနစ်အချိန် ပတ်ဝန်းကျင် လျှပ်စစ်မီးများ ပြတ်တောက်သွားပြီဖြစ်ကြောင်း သိရှိရသည်။
“မီး မရတော့ဘူး။ အင်တာနက်တွေပါ ကျကုန်ပြီ။အဆိုးဆုံးက ရေတင်မရတော့ဘူး။ ရေပါပြတ်မယ့်ကိန်းပဲ” ဟု မြ၀တီဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
ထိုင်း-မြန်မာ နယ်စပ်တလျှောက်တွင်ပျံ့နှံ့နေသော တရုတ် ကျားဖြန့် အွန်လိုင်း ငွေလိမ်ရာဇ၀တ်ဂိုဏ်းများကို နှိမ်နင်းရန် ကြိုးပမ်းမှုအဖြစ် မြန်မာနိုင်ငံသို့ လျှပ်စစ်၊ ဆက်သွယ်ရေးကွန်ရက်နှင့် လောင်စာဆီတင်ပို့မှုများကို ယနေ့ ဖေဖော်ဝါရီ ၅ ရက်မှစတင်၍ ထိုင်းအစိုးရက ရပ်ဆိုင်းလိုက်ခြင်းဖြစ်သည်။
ထိုင်းအစိုးရက ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူ၊ တာချီလိတ်၊ မြ၀တီမြို့တို့သို့သွယ်တန်းထားသော ထိုင်းလျှပ်စစ်မီးများကို ဖြတ်တောက်လိုက်ရာတွင် တာချီလိတ်မြို့သည် လာအိုနိုင်ငံဘက်မှ မီးရရှိနိုင်သော နေရာတချို့ ကျန်ရှိနေသေးကြောင်း ထိုင်းသတင်းများအရ သိရှိရသည်။
တရုတ်အစိုးရက ထိုင်း-မြန်မာနယ်စပ် မြန်မာဘက်အခြမ်းရှိ ကျားဖြန့် အွန်လိုင်းငွေလိမ်ဂိုဏ်းများကို နှိမ်နင်းရန်အတွက် ထိုင်းအစိုးရ အပါအဝင် ဒေသတွင်း နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှုများလုပ်ဆောင်လာပြီးနောက် ထိုင်းအစိုးရက ယင်းကဲ့သို့ ပြင်းထန်သော အရေးယူမှုများကို တစ်ဆင့်ချင်း ဆောင်ရွက်လာခြင်းဖြစ်သည်ဟု ထိုင်းသတင်းများက ဆိုသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar