လူငယ် ၁ ဦးလျှင် သိန်း ၈၀ စျေးပေါက်ပြီး ဗိုလ်မှူးဖြိုးသူစိုးနှင့် မြို့နယ်ဥက္ကဋ္ဌ အောင်သူရလည်း အကျိုးအမြတ်ရ
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀
ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်တွင် ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ချစ်ကိုကိုနှင့် အပေါင်းအပါ ဖြူကျဲတို့က လူငယ်များကို ဖမ်း ဆီး ပြီး စစ်မှုထမ်းလူစားထိုး အရောင်းအဝယ် လုပ်နေကာ လူငယ် ၁ ဦးလျှင် သိန်း ၈၀ စျေးပေါက်နေကြောင်း ဒေသပြည်သူများနှင့် မြို့နယ်အုပ်ချုပ်ရေးအဖွဲ့အသိုင်းအ၀ိုင်းက ပြောဆိုသည်။
AA ၏ ထိုးစစ်က ပန်းတောင်းမြို့နယ်အစပ်အထိ ရောက်ရှိလာချိန်တွင် ပန်းတောင်းမြို့နယ် အုပ်ချုပ်ရေးအဖွဲ့က ကျေးရွာများတွင် စစ်မှုထမ်း တပ်သားအဖြစ် စုဆောင်းရန် ပေါ်တာဆွဲဖမ်းစီးမှုများ ပိုမိုလုပ်ဆောင်လျက်ရှိပြီး ငွေညှစ်လူစားထိုးလဲလှယ်ခြင်းများရှိနေကြောင်း၊ ဖမ်းဆီးခံရသူ လူငယ်များအနက်မှ ငွေကြေးတတ်နိုင်သူများအနေဖြင့် အနည်းဆုံး ငွေကျပ် သိန်း ၈၀ မှ သိန်း ၁၂၀ အထိ တောင်းယူ ပြန်လည်လွှတ်ပေးကြောင်း၊ ငွေကြေးမတတ်နိုင်သူများကို လူစားထိုး၍ စစ်တပ်ထဲထည့်ခြင်းများ လုပ်ဆောင်နေကြောင်း သိရှိရသည်။
ထိုကဲ့သို့ လူငယ်များကို ဖမ်းဆီးမှုများကို ပန်းတောင်းမြို့နယ် ဒုတိယအုပ်ချုပ်ရေးမှူ ချစ်ကိုကိုနှင့် အပေါင်းအပါ ဖြူကျဲတို့က ဦးဆောင်၍ လုပ်ဆောင်ခြင်းဖြစ်ပြီး မြို့နယ် အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ အောင်သူရနှင့် အဖွဲ့ဝင် ၁ ဗိုလ်မှူး ဖြိုးသူစိုးတို့ကမူ နောက်ကွယ်မှ ပါဝင်ကာ အကျိုးအမြတ်ရယူနေကြောင်း၊ ကျေးရွာများအနေဖြင့် စစ်တပ်က ဝင်ရောက် ပေါ်တာဆွဲမှုများ မဖြစ်ပေါ်စေရန်အတွက် လစဉ် ငွေ့ကျပ် သိန်း ၈၀ အနည်းဆုံး ကောက်ခံပေးနေရကြောင်း သိရှိရသည်။
“အဓိက လူဖမ်းနေတာက ချစ်ကိုကိုနဲ့ ဖြူကျဲက ဖမ်းတယ်။ ဥပမာ ပန်းတောင်းက စစ်မှုထမ်းတပ်သား တစ်လကို ၂၀ ပေးရမယ်ဆိုရင် သူတို့က ၄၀ ၊ ၅၀ လောက်ဖမ်းတယ်။ ပြီးရင် ငွေနဲ့ ရွေးနိုင်သူ ပြန်လွှတ်တယ်။ အဲဒါက အနည်းဆုံး သိန်း ၈၀ ပဲ။ ရွာတွေကလည်း လစဉ် စစ်မှုထမ်း ပေါ်တာဝင်ဆွဲတာတွေ မဖြစ်နိုင်အောင် တစ်ရွာကို သိန်း ၈၀ ပေးခိုင်းတယ်။ သူတို့ကတော့ ရသမျှ အကုန်ဖမ်းပြီး စစ်မှုထမ်းလွှတ်ရမယ့် သူကို လွှတ်တယ်။ လူစားထိုးဖို့ဆိုပြီး ငွေလိုက်တောင်းတယ်။ ပြီးရင် သူတို့ ဖမ်းထားတဲ့လူကို အစားထိုး ထည့်ပေးတယ်။ လူအရောင်းအဝယ်တွေ လုပ်နေကြတာ။ မြို့နယ်အုပ်ချုပ်ရေးမှူး အောင်သူရနဲ့ ဗိုလ်မှူး ဖြိူးသူစိုးတို့ကလည်း အကျိုးအမြတ်ရတယ်။ သူတို့ကတော့ နောက်ကွယ်ကနေ အဓိက ကြိုးကိုင်နေတာ” ဟု မြို့နယ်အုပ်ချုပ်ရေးအသိုင်းအ၀ိုင်းသတင်းရင်းမြစ်က ပြောဆိုသည်။
ပန်းတောင်းမြို့နယ်အတွင်းတွင် စစ်ကောင်စီတပ်နှင့် မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ က ဧည့်စာရင်းစစ်ခြင်း၊ ဆိုင်ကယ်လိုင်စင်နှင့်လူလိုင်စစ်စစ်ခြင်း တို့ကို အကြောင်းပြ၍ လူငယ်များနှင့် လူကြီးများ အပါအဝင် အမျိုးသားများကို ဖမ်းဆီးကြောင်း၊ ယင်းနောက် စစ်မှုထမ်း ဥပဒေနှင့် ချိတ်ဆက်ကာ စစ်မှုထမ်းရမည်ဟုဆိုပြီး ငွေကြေး အဓမ္မတောင်းခံမှုများကို လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း သိရှိရသည်။
“ရွာတွေကို စစ်မှုထမ်း ပေါ်တာ ဝင်မဆွဲပါဘူးဆိုပြီး တစ်လကို ငွေကျပ် သိန်း ၈၀ တောင်းပေမယ့်လည်း ကျေးရွာပြင်ပမှာတော့ အာမမခံဘူးဆိုပြီး အပြင်မှာကြုံရင် အကုန်ပေါ်တာဆွဲတာပဲ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
AA က ပဲခူးတိုင်း ပန်းတောင်းမြို့နယ်နှင့် ရခိုင်ပြည်အစပ်ရှိ မိုးထိတောင်စစ်တပ်စခန်းကို ဇန်နဝါရီလ ၂၆ ရက်နေ့တွင် သိမ်းပိုက်ပြီးနောက် စစ်ကောင်စီက ပန်းတောင်းမြို့နယ်ကို အင်အားများဖြည့်တင်းကာ စခန်းပြန်လည် ရရှိရေး ထိုးစစ်ဆင်လျက်ရှိကြောင်း သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
![](https://yktnews.com/wp-content/uploads/2025/02/476442733_987643436796596_6917543800546620978_n.jpg)
![](https://yktnews.com/wp-content/uploads/2025/02/476382389_987643516796588_8359162487135009826_n.jpg)
![](https://yktnews.com/wp-content/uploads/2025/02/476831775_987643563463250_2313172037810272700_n.jpg)
![](https://yktnews.com/wp-content/uploads/2025/02/476832839_987643633463243_8294449505705734588_n.jpg)