26 C
Yangon

မုံရွာနှင့် ချောင်းဦးမြို့နယ်ကို စစ်ကောင်စီတပ်က လေယာဉ်များဖြင့် ဗုံးကျဲပြီး လက်နက်ကြီးများဖြင့် တောက်လျှောက် ပစ်ခတ်နေမှု ပြည်သူ ၇ ဦးထက်မနည်း သေဆုံးကာ ၂၀ ကျော် ဒဏ်ရာရရှိ

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃

စစ်ကိုင်းတိုင်း၊ မုံရွာနှင့်ချောင်းဦးမြို့နယ်ကို စစ်ကောင်စီတပ်က လေယာဉ်များဖြင့် ဗုံးကျဲပြီး လက်နက်ကြီးများဖြင့် တောက် လျှောက် ပစ်ခတ်နေရာ ပြည်သူ ၇ ဦးထက်မနည်းသေဆုံးကာ ၂၀ ဦးကျော် ဒဏ်ရာရရှိကြောင်း စစ်ဘေးရှောင် များ ကူညီနေသည့် ချောင်းဦးဆရာတော်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ မိန့်ကြားသည်။

ယမန်နေ့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ည ၉ နာရီ ၄၅ မိနစ်အချိန်မှစတင်၍ ယနေ့နံနက် ၅ နာရီ ၄၅ မိနစ်ဝန်းကျင်အချိန် စစ်ကောင်စီတပ်က Y12 လေယာဉ်ဖြင့် ဗုံးကျဲခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းများကို ဆက်တိုက်ဆိုသလို လုပ်ဆောင်လျက်ရှိကြောင်း၊ မုံရွာမြို့နယ်အတွင်းရှိ သစ်ဆိမ့်ကျေးရွာနှင့် ညောင်ဖြူပင် ကျေးရွာ တို့မှာ စစ်တပ်၏ ပစ်ခတ်မှုကြောင့် ပြည်သူများ သေဆုံးမှုများရှိနေပြီး ချောင်းဦးမြို့နယ်တွင်လည်း ကုလားကြီး စစ်ဘေးရှောင်အတွင်း ပြည်သူတချို့ ထိခိုက်သေဆုံးမှု ရှိကြောင်း သိရှိရသည်။

“မုံရွာမှာဆိုရင် သစ်ဆိမ့်နဲ့ ညောင်ဖြူပင်ကျေးရွာတွေမှာ အထိအခိုက်တွေရှိတယ်။ သစ်ဆိမ့်မှာ ၂ ဦးသေတယ်။ အတိအကျတော့ သေချာမသိရသေးဘူး။ ချောင်းဦးနယ်မှာဆိုရင် ကုလားကြီး စစ်ဘေးရှောင်စခန်းမှာ ထိခိုက်တယ်။ လေယာဉ် ရော လက်နက်ကြီးရော တောက်လျှောက်ပဲလို့ သိရတယ်” ဟု ချောင်းဦးဆရာတော်က မိန့်ကြားသည်။

မုံရွာဒေသမှ စစ်ဘေးရှောင်များကို ကူညီနေသော သတင်းရင်းမြစ်တစ်ခုကမူ စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် သစ်ဆိမ့်ကျေးရွာမှ ပြည်သူ ၂ ဦး ၊ ညောင်ဖြူပင်ကျေးရွာတွင် ပြည်သူ ၂ ဦး၊ ကုလားကြီးစစ်ဘေးရှောင်စခန်းတွင် အသက် ၅ နှစ်အရွယ် နှင့် ၈ နှစ်အရွယ် ကလေးငယ် ၂ ဦး အပါအဝင် ပြည်သူ ၃ ဦး စုစုပေါင်း ပြည်သူ ၇ ဦးထက် မနည်းသေဆုံးသည်ဟု သတင်းရရှိထားကြောင်း၊ ထိခိုက်ဒဏ်ရာရရှိသူများမှာလည်း ၂၅ ဦးဝန်းကျင်ရှိသည်ဟု သိရှိရကြောင်း ပြောဆိုသည်။

“လေယာဉ်နဲ့ ဗုံးကျဲတာက မနေ့ညကတည်းက ကျဲနေတယ်။ ဒီမနက် ၅ နာရီလောက်စပြီး ဗုံးတွေ ကျဲချနေတာ အလုံး ၅၀ လောက် ရှိမယ်။ ပြည်သူတွေလည်း ပြေးလွှားနေရတယ်။ ပြေးသာပြေးနေတာ ခြေဦးတည့်ရာ ပြေးနေရတာ။ လက်နက်ကြီးပစ်သံတွေလည်း ကြားရတယ်။ စခတွေဘက်က ရည်ရွယ် ချက်ရှိရှိ ရွာတွေနဲ့ စစ်ရှောင်စခန်းကို ဦးတည်ပစ်တာ” ဟု မုံရွာနယ်တွင် စစ်ဘေးရှောင် ကူညီနေသော သတင်းရင်းမြစ်ကရှင်းပြသည်။

ယမန်နေ့ ညပိုင်း စစ်တပ်က Y-12 လေယာဉ်ဖြင့် ဗုံးကျဲချရာတွင် ည ၉ နာရီ ၄၅ မိနစ်အချိန်မှ ည ၁၀ နာရီ ၃၀ မိနစ်အချိန်အထိ စုစုပေါင်း ဗုံး ၉ ကြိမ်၊ ဗုံးအလုံးရေ ၃၀ ကျဲချသွားခဲ့ကြောင်း သိရှိရသည်။

ယနေ့ နံနက်ပိုင်း စစ်တပ်က Y-12 လေယာဉ်ဖြင့် ဗုံးကျဲချရာတွင် နံနက် ၅ နာရီအချိန် မှစတင်၍ နံနက် ၅ နာရီ ၄၅ မိနစ်အချိန်အထိ စုစုပေါင်း ဗုံး ၉ ကြိမ်၊ ဗုံးအလုံးရေ ၄၈ လုံး ကျဲချသွားခြင်းဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ – ယမန်နှစ် အတွင်းစစ်တပ်၏ မီးရှို့မှုနှင့် တိုက်ခိုက်မှုများကြောင့် ကျေးရွာတစ်ရွာ မီးလောင်နေစဉ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

ယမန်နှစ် အတွင်းစစ်တပ်၏ မီးရှို့မှုနှင့် တိုက်ခိုက်မှုများကြောင့် ကျေးရွာတစ်ရွာ မီးလောင်နေစဉ်။
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article