ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇
မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်၊ ဝါဇီ ငွေထုတ်စက်ရုံအနီး ပြေးလမ်းရှည် ပါဝင်သော လေယာဉ်ကွင်းတစ်ခုကို စစ်ကောင်စီတပ်က အမြန်တည်ဆောက်နေပြီး ဗိုလ်မှူး မင်းသူအောင် ဦးစီးနေကြောင်း ဒေသတော်လှန်ရေးတပ်မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
အကြမ်းဖက်စစ်ကောင်စီက ဆိပ်ဖြူမြို့နယ်၊ လမ်းရွာအနီး ဧရာ၀တီမြစ်ဘေးတွင် ပြေးလမ်းအရှည်ပါဝင်သော လေယာဉ် ကွင်းကို စစ်တပ်က အမြန်တည်ဆောက်နခြင်းဖြစ်ကြောင်း၊ အဆိုပါလေယာဉ်ကွင်းတွင် လေယာဉ်သိုလှောင်ရုံများပါ တည် ဆောက်နေကြောင်း၊ အနီးအနား ပတ်ဝန်းကျင်ကျေးရွာများမှာ ပြည်သူများကို အတင်းအဓမ္မ လုပ်အားပေးခိုင်းနေကြောင်း သိရှိရသည်။
“လေယာဉ်ကွင်းနဲ့ လေယာဉ် သိုလှောင်ရုံတွေကိုပါ အတင်းတွန်းပြီး တည် ဆောက်နေတာက အညာဒေသ တော်လှန်ရေးအဖွဲ့တွေကို အဓိကတိုက်ခိုက်ဖို့ ရည်ရွယ်တာ။ လေထီး စက်တပ်လေယာဉ်တွေ အသေးစား နှင့် အလတ်စား ဗုံးကြဲလေယာဉ်တွေ ထားဖို့ပါ တိုးချဲ့လုပ်ငန်းတွေ ဆောင်ရွက်နေပါတယ်။ အခုဆို လေယာဉ်ကွင်းက မြေသားဖို့တဲ့ လုပ်ငန်းတွေ ပြီးစီးတော့မှာဖြစေပါတယ်။ အနီးပတ်ဝန်းကျင် က ရွာသားတွေကိုပါ အတင်းအဓမ္မ လုပ်အားပေးခိုင်းစေနေတယ်” ဟု ဒေသတော်လှန်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။
အဆိုပါ လေယာဉ်ကွင်းကို စစ်တပ်မှ ဗိုလ်မှူး မင်းသူအောင်၊ ဗိုလ်ကြီးရဲထွန်းတို့က ဦးစီးတည်ဆောက်နေခြင်းဖြစ်ပြီး ၎င်းတို့နှင့်အတူ ပျော်ပါးရန် အမျိုးသမီးများပါ ခေါ်ဆောင်လာကြောင်း သိရှိရသည်။
“ ဗိုလ်မှူး မင်းသူအောင်ဆိုသူက ချောက်မြို့ ကမ်းနားလမ်းမှာ ၃ထပ်တိုက်ဆောက် ထားတယ်။ ဝါဇီက ဇက်သင်္ဘောကို သူက နေ့စဉ် အပြတ်ငှားထားတာ။ သူက လေယာဉ်ကွင်းထဲကို တစ်နေ့ ၂ ကြိမ်လာတယ်။ သူ့လက်ထောက် ဗိုလ်ကြီး ရဲထွန်း နဲ့ ကွင်းထဲလာပြီး စကားပြောပြီးရင် အနီးအနားရွာတွေကနေ အတင်းအဓမ္မ လုပ်အားပေး ခေါ်ခိုင်းထားတဲ့ ရွာသားတွေကို ဆူပူကြိမ်းမောင်းဆဲဆိုတယ်။ သူတို့ လေယာဉ်ကွင်း အချိန်မီပြီးအောင်ဆိုပြီး မစာမနာ ဆဲဆိုရိုင်းပြတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
အဆိုပါ လေယာဉ်ကွင်းနှင့်လေယာဉ်သိုလှောင်ရုံများ တည်ဆောက်ပြီးစီးပါက တော်လှန်ရေးတပ်များ အခြေစိုက်ထားသော မကွေးတိုင်းအတွင်းသို့ မိနစ်ပိုင်းအတွင်း လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်မှုများ လုပ်ဆောင်လာမည့် အခြေအနေရှိကြောင်း ဒေသတော်လှန်ရေးသတင်းရင်းမြစ်က သုံးသပ်ပြောဆိုသည်။
ဓာတ်ပုံ – ဝါဇီငွေထုတ်စက်ရုံနှင့် တည်ဆောက်နေသော လေယာဉ်ကွင်း။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
