ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉
ကချင်ပြည်နယ်၊ ဗန်းမော်မြို့ရှိ ခလရ ၂၃၆ တပ်ရင်းကို အပြီးသတ် သိမ်းပိုက်လိုက်ပြီး စကခ ၂၁ ကို အပြင်းအထန် ထိုးစစ်ဆင်နေကာ အကြမ်းဖက် စစ်တပ်ဘက်မှ သေဆုံးမှုများပြားကြောင်း KIA စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် KIA ပူးပေါင်း တပ်ဖွဲ့များက ဗန်းမော်မြို့ရှိ အကြမ်းဖက် စစ်တပ်၏ ခလရ ၂၃၆ တပ်ရင်း နှင့် အမတ ၃၆၆ တပ်ရင်းတို့ကို အပြီးသတ် တိုက်ခိုက်သိမ်းပိုက်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။
ထို့ပြင် အမှတ် ၂၁ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၂၁) ကိုလည်း KIA ပူးပေါင်းတပ်ဖွဲ့များက အပြင်းအထန်ထိုးစစ်ဆင် တိုက်ခိုက်နေပြီး စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်အနီးထိ ပူးပေါင်းတပ်များ ရောက်ရှိနေကာ အကြမ်းဖက် စစ်တပ်ဘက်မှလည်း သေဆုံးမှုများပြားကြောင်း သိရှိရသည်။
“ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှာ အမတ-၃၆၆ ကို အပြီးသတ်သိမ်းပိုက်လိုက်ပြီး ခလရ-၂၃၆ လည်းရပြီ အခု စကခ-၂၁ ကို ဆက်လက်ထိုးစစ်ဆင်နေတယ်။ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် အနားထိ KIA တပ်တွေရောက်နေပြီ စစ်ခွေးတွေ အကျအဆုံးများတယ်” ဟု KIA ၏ စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။
ဇန်နဝါရီလ ၂၄ ရက်နေ့တွင် ဗန်းမော်မြို့ရှိ သံချပ်ကာတပ်ရင်းကို သိမ်းပိုက်နိုင်ခဲ့ပြီး သံချပ်ကာကား ၄ စီးကို သိမ်းဆည်းရရှိခဲ့ကြောင်း၊ ဇန်နဝါရီ ၂၆ ရက်နေ့တွင် ဗန်းမော် လေယာဉ်ကွင်းနှင့် လေဆိပ်တစ်ခုလုံးကို အပြီးသတ် တိုက်ခိုက်သိမ်း ပိုက်နိုင်ခဲ့ကြောင်း၊ ဖေဖော်ဝါရီလဆန်းပိုင်းတွင် အမှတ် ၅၀၁၄ တင့်ကားတပ်၊ အမြောက်တပ် ၃၆၆ ၊ အမှတ် ၆၀၀၇ သံချပ်ကာတပ်နှင့် အမှတ် ၅၀၁၄ တင့်ကားတပ်တို့ ထပ်မံ သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အမတ ၃၆၆ တပ်ရင်းကို KIA ပူးပေါင်း တပ်က ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် သိမ်းပိုက်နိုင်ခဲ့သော်လည်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှ အပြီး သတ်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ အမှတ် ၂၁ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်တွင် အကြမ်းဖက် စစ်တပ်က အခိုင်အမာ ခံစစ်ပြင်ဆင်ထားပြီး လေကြောင်းဖြင့် ခုခံနေ၍ တိုက်ပွဲများ ပြင်းထန်နေကြောင်း သိရှိရသည်။
ဗန်းမော်မြို့ကို အပြီးသတ်သိမ်းပိုက်နိုင်ရေးအတွက် စကခ ၂၁ ၊ ခလရ ၄၇ ၊ လေ့ကျင့်ရေးတပ်နှင့် ဒုံးတပ်ရင်းအပါအဝင် စစ်ကောင်စီတပ်များ ကျန်ရှိနေဆဲဖြစ်ပြီး KIA ဦးဆောင်သော တော်လှန်ရေး တပ်များက ထိုးစစ်ဆင်နေဆဲဖြစ်ကြောင်း ဗန်းမော်မြို့သိမ်းတိုက်ပွဲကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၄ ရက်နေ့မှစတင်၍ KIA ၊ PDF အပါအဝင် တော်လှန်ရေး တပ်ပေါင်းစုက စတင်တိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိရှိရသည်။
ဓာတ်ပုံ – ဇန်နဝါရီလ ဆန်းပိုင်းအတွင်း မံစီမြို့ကို သိမ်းပိုက်ခဲ့ကြသည့် KIA ဦးဆောင်သော တော်လှန်ရေးတပ်များ။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
