ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀
ထိုင်းနိုင်ငံတွင် မြန်မာပြည်မှ ထွက်ကုန်များကို တရားမဝင် တင်သွင်းရောင်းချနေသော ထိုင်းကုန်စုံဆိုင်ပိုင်ရှင်နှင့်အလုပ်သမား မြန်မာအမျိုးသမီးကြီးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ကြောင်း ထိုင်းသတင်းဌာနများက သတင်းဖော်ပြသည်။
ထိုင်းနိုင်ငံ၊ စူလတ်ဌာနီ ကော့ဖငန်ရှိ ကုန်စုံဆိုင်တစ်ခုတွင် မြန်မာနိုင်ငံသားများအတွက် တရားမဝင်တင်သွင်းလာသည့် မြန်မာထုတ်ကုန်များ ရောင်းချနေသည်ဟု သတင်းပေးတိုင်ကြားချက်အရ ထိုင်းအာဏာပိုင်များနှင့်ရဲများက ဝင်ရောက်ရှာဖွေရာ အဆိုပါကုန်စုံဆိုင်တွင် အလုပ်လုပ်နေသော အသက် ၅၄ နှစ်အရွယ် မြန်မာ အလုပ်သမားအမျိုးသမီးကြီးကို ဖမ်းဆီးရရှိကြောင်း၊ ၎င်းထံတွင် အလုပ်လုပ်ခွင့်အတွက် ခွင့်ပြုချက်နှင့် လိုအပ်သော စာရွက်စာတမ်းများမရှိကြောင်း သိရှိရသည်။
ထို့ပြင် ကုန်စုံဆိုင်ပိုင်ရှင် ထိုင်းနိုင်ငံသူ အသက် ၆၁ နှစ်အရွယ် Sakol ကိုလည်း တရားမဝင် ကုန်ပစ္စည်းများ ရောင်းချခြင်း၊ ၁၅ ရက်အတွင်း နိုင်ငံခြားသား အလုပ်သမားကို မှတ်ပုံတင်ရန် ပျက်ကွက်ခြင်းနှင့် နိုင်ငံခြားသား အလုပ်သမားအား ခွင့်ပြုချက်မရှိဘဲ လုပ်ကိုင်ခွင့်ပေးခြင်းတို့ဖြင့် ဖမ်းဆီး တရားစွဲဆိုလျက်ရှိကြောင်း သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar



