ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈
ရန်ကုန်တိုင်း၊ ဒေါပုံမြို့နယ်၊ ကြည်စုရပ်ကွက်တွင် စစ်မှုထမ်းစာရင်း ပြုစုရေး သန်းခေါင်စာရင်း မိတ္တူများ လိုက်လံတောင်းခံနေသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူး အဖွဲ့ကို ဓာတ်ဆီလောင်း၍ မီးရှို့ တိုက်ခိုက်ခဲ့သော ဖြစ်စဉ်အတွင်း မီးလောင်ဒဏ်ရာရရှိခဲ့သော ရာအိမ်မှူး ကိုနှုတ်ခမ်းမွှေးမှာ ဆေးကုသမှု ခံယူနေစဉ် သေဆုံးသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဖေဖော်ဝါရီလ ၂၆ ရက်နေ့ နံနက်ပိုင်းတွင် မီးလောင်ဒဏ်ရာများဖြင့် ဆေးရုံတက်နေသော ရာအိမ်မှူး ကိုနှုတ်ခမ်းမွှေးမှာ ပိုးဝင်၍ ပြင်းပြင်းထန်ထန် ဖျားကာ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
“ကြည်စုရပ်ကွက်က ဓာတ်ဆီလောင်း မီးရှို့ခံရတဲ့ စစ်မှုထမ်းရန် စာရင်း လိုက်ကောက်တဲ့ ရာအိမ်မှူး ကိုနှုတ်ခမ်းမွှေး မီးလောင်ဒဏ်ရာတွေနဲ့ သေပြီ။ ၂၆ ရက်နေ့ နံနက်ပိုင်းက ဆေးရုံမှာ သေတာ။ နာရေးလုပ်နေပြီ” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။
ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကြည်စုရပ်ကွက် ၊ ဓမ္မရိပ်သာလမ်းသွယ်တွင် ရာအိမ်မှူး ၊ ဆယ်အိမ်မှူး အမျိုး သမီးနှင့် အမျိုးသမီးငယ်တစ်ဦးတို့က စစ်မှုထမ်းစာရင်း ပြုစုရန် သန်းခေါင် စာရင်း မိတ္တူများ လိုက်လံနေစဉ် အိမ်ရှင်က ဓာတ်ဆီဖြင့် ပက်၍ မီးရှို့ တိုက်ခိုက်ခြင်းဖြစ်ကြောင်း၊ မီးရှို့မှုကြောင့် ရာအိမ်မှူးနှင့် ဆယ်အိမ်မှူး အမျိုးသမီးတို့မှာ နေရာအနှံ့အပြား မီးလောင်ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
