ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈
မြန်မာနိုင်ငံတစ်ဝန်း လူငယ်များကို စစ်မှုထမ်းဆင့်ခေါ်ရာတွင် ကျေးရွာနှင့်ရပ်ကွက်ရုံးများ၏ စာရင်းနှင့် သန်း ခေါင်စာရင်းကို တိုက်ဆိုင်စစ်ဆေး၍ မြို့နယ်ရုံးများသို့ တိုက်ရိုက်ဆင့်ခေါ်သည့်စနစ်ကို စတင်ကျင့်သုံးနေကြောင်း မြို့နယ်စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များနှင့်တိုက်ရိုက်ပတ်သက်နေရသည့် သတင်းရင်းမြစ်များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
အကြမ်းဖက်စစ်ကောင်စီက စစ်မှုထမ်းခေါ်ယူရာတွင် လာဘ်ပေးလာဘ်ယူမှုများ၊ လူစားထိုးခြင်းများကို ကာကွယ် တားဆီးနိုင်ရေးအတွက်ဟုဆိုကာ သန်းခေါင်စာရင်းနှင့်ရပ်/ကျေးအဆင့်က ပေးပို့သော စာရင်းများကို တိုက်ဆိုင် စစ်ဆေး၍ စစ်မှုထမ်းရမည့် လူငယ်များနှင့် မိဘများကို မြို့နယ်စစ်မှုထမ်းဆင့်ခေါ်ရေးရုံးများသို့ ဆင့်ခေါ်ခိုင်းနေခြင်းဖြစ်ကြောင်း သိရှိရသည်။
“စစ်မှုထမ်းဆင့်ခေါ်ရေးကိစ္စတွေကို မြို့နယ်အဖွဲ့တွေက တိုက်ရိုက် ကြီးကြပ်ကွပ်ကဲဖို့နဲ့ ငွေပေးငွေယူ လုပ်တာတွေ ခြိမ်းခြောက်တောင်းတာတွေ အရမ်းများတာ လျှော့ချဖို့ ဆိုပြီး မြို့နယ်ရုံးတွေကို ကွပ်ကဲခိုင်းတာ” ဟု ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များနှင့်တိုက်ရိုက်ပတ်သက်နေရသည့် သတင်းရင်းမြစ်က ပြောဆိုသည်။
အလားတူ ဧရာ၀တီတိုင်း၊ အိမ်မဲမြို့နယ်အတွင်းတွင်လည်း ကျေးရွာများမှ လူငယ်များကို မြို့နယ်စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ ရုံးများထံသို့ ဆင့်ခေါ်နေကြောင်း ဒေသပြည်သူများက ပြောဆိုသည်။
“အရင်တုန်းက စစ်မှုထမ်းမဲနှိုက်ရင်ပဲဖြစ်ဖြစ်၊ အလှူငွေကောက်ရင်ပဲဖြစ်ဖြစ် ရွာအုပ်ချုပ်ရေးမှူးရုံးမှာပဲ ပြီးတာ။ အခုတော့ မြို့နယ်ရုံးမှာပဲ မဲနှိုက်ရမယ်။ စာရင်းသွင်းရမယ်ဆိုပြီး ဆင့်ခေါ်စာပို့ပါတယ်။ အသက် ၁၈ နှစ်ကနေ အသက် ၃၅ နှစ်လူငယ်တွေလည်း ရှောင်ကုန်ကြပြီ။ စားဝတ်နေရေးကတစ်ဖက်၊ အိမ်မှာလည်း မနေရဲဖြစ်ကုန်ကြတယ်” ဟု အိမ်မဲမြို့နယ်၊ ရွှေဘိုရေကျော်ကျေးရွာမှ လူငယ်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ထို့ပြင် ကျောက်ပန်းတောင်းမြို့နယ်၊ ညောင်ဦးကားလမ်း၊ ဗျတ္တ ပန်းဆက်လမ်းအနီးရှိ ကျေးရွာ ၃ ခုမှ ပြည်သူ များကို မြို့နယ်စစ်မှုထမ်းဆင့်ခေါ်ရုံးသို့ မလာရောက်သည့်အတွက် စစ်တပ်ကိုယ်တိုင်ကွင်းဆင်း၍ စစ်မှုထမ်းရမည့် လူငယ်များ စုဆောင်းလျက်ရှိကြောင်း သိရှိရသည်။
” ဝါခင်းကြီးရွာ၊ ထန်းပေါက်ရုံရွာ၊ သဲတွင်းရွာကို ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှာ စစ်သားတွေ ရောက်လာပြီး လူငယ်မှန်သမျှ စစ်မှုထမ်းရမယ်ဆိုပြီး စာရင်းသွင်း လက်မှတ်ထိုးခိုင်းတယ်။ ရွေးခေါ်တာမဟုတ်ဘူး။ လူငယ်ရှိတဲ့အိမ် အကုန်နီးပါးလက်မှတ်ထိုးခိုင်းတယ်။ အိမ်ထောင်သည်တွေလည်း ပါတယ်။ သူတို့ လာခေါ်မယ် ပြင်ထားလို့ ပြောတယ်” ဟု ဒေသပြည်သူတစ်ဦးက ရှင်းပြသည်။
အကြမ်းဖက်စစ်ကောင်စီက လာမည့် မတ်လအတွင်းဖွင့်လှစ်မည့် စစ်မှုထမ်းအပတ်စဉ် ၁၁ အတွက် ဖေဖော်ဝါ ရီလနှောင်းပိုင်းမှစတင်၍ လူငယ်များကို ဖမ်းဆီးခြင်း၊ ဆင့်ခေါ်ခြင်းများကို လုပ်ဆောင်နေကြောင်း ပြည်သူများက ပြောဆိုကြသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
