ရန်ကုန်| ဖေဖော်ဝါရီ ၂၈
ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်တွင် အာရက္ခတပ်တော် AA နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲ ပြန်လည်ဖြစ်ပွားနေကြောင်း ဒေသ စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။
ယမန်နေ့ ဖေဖော်ဝါရီလ ၂၇ ရက် နံနက်ပိုင်းကစ၍ သာပေါင်းမြို့နယ် အနန်းကုန်း၊ ခွေကုတ်နှင့် သာပေါင်းလေး ကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားနေကြောင်း၊ ဇန်နဝါရီလအတွင်း တိုက်ပွဲများဖြစ်ပွားခဲ့ပြီးနောက် ဖေဖော်ဝါရီလဆန်းပိုင်းတွင် ပြန်လည် ငြိမ်သက်ခဲ့ရာမှ ယခုတစ်ဖန် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခြင်းဖြစ်ကြောင်း၊ ဇန်နဝါရီလကတည်းက ဖြစ်ပွားခဲ့သည့် သာပေါင်းမြို့နယ်အတွင်း တိုက်ပွဲမှာ ဖေဖော်ဝါရီလ ၃ ရက်နေ့က ရပ်တန့်ခဲ့ပြီး ယခု တကျော့ပြန် ဖြစ်ပွားနေခြင်းဖြစ်ကြောင်း သိရှိရသည်။
“မနေ့က မနက်ပိုင်းကစပြီး အနန်းကုန်း၊ ခွေးကုတ်တို့ဘက်မှာ တိုက်ပွဲဖြစ်နေတယ်လို့ ကြားတယ်။ AA ရဲ့ ပူး ပေါင်း တပ်ဖွဲ့က အင်အား အများအပြားနဲ့ တိုက်ခိုက်နေတယ်လို့ သိရတယ်။ စစ်ကောင်စီကလည်း လေယာဉ်တွေ၊ လေထီးတပ်တွေနဲ့ ပြန်ခုခံနေတယ်လို့ ပြောတယ်” ဟု ၎င်းက ရှင်းပြသည်။
ဧရာ၀တီတိုင်း၊ သာပေါင်းမြို့နှင့် ရေကြည်မြို့နယ် အစပ်ရှိ စစ်ကောင်စီ၏ အမှတ် ၃၄၄ အမြောက်တပ်နှင့် ကာကင်းစခန်းများကိုလည်း အာရက္ခတပ်တော် ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်နေကြောင်း သိရသည်။
ပုသိမ်ခရိုင် ကျုံပျော်မြို့နယ် ခလရ ၃၆ မှ စစ်ကောင်စီ၏ Paramotor စက်တပ်လေထီး ၃ စီး သည် သာပေါင်းတိုက်ပွဲသို့ နှစ်စီးပျံသန်းသွားပြီး တစ်စီးမှာ ရေကြည်မြို့နယ်ဘက်သို့ ပျံသန်းသွားသည်ဟု ပုသိမ်မြို့နယ် သတင်းအထူးတပ်ဖွဲ့က ယနေ့ ဖေဖော်ဝါရီလ ၂၈ ရက် နံနက် ၁ နာရီကျော်အချိန် သတင်းထုတ်ပြန်သည်။
ဒေသစစ်ရေးသတင်းရင်းမြစ်က “အခု ဖြစ်နေတဲ့ သာပေါင်းတိုက်ပွဲမှာ ဒဏ်ရာ စစ်ကောင်စီတပ်သားတွေကို ရေကြည်နဲ့ ပုသိမ်ဆေးရုံကို ပို့တယ်လို့ ကြားတယ်။ ဇန်နဝါရီလကလောက် တိုက်ပွဲက တစ်ရက်လုံးဖြစ်တာ မဟုတ်ဘဲ အချိန်အပိုင်းအခြားနဲ့ ဖြစ်ကြတယ်လို့ သိရတယ်”ဟု ပြောသည်။
ဇန်နဝါရီလ ၂၈ ရက်နေ့က သာပေါင်းမြို့နယ် ကျားခေါင်းကျေးရွာအနီး တိုက်ပွဲအတွင်း သာပေါင်းမြို့မရဲစခန်းမှူး ဝင်းနိုင်ဦးကို AA ပူးပေါင်းတပ်ဖွဲ့မှ စနိုက်ဘာဖြင့် ပစ်ခတ်ခဲ့ပြီး ဝင်းနိုင်ဦးမှာ သေဆုံးသွားသည်။
အာရက္ခတပ်တော် AA ၏ ပူးပေါင်းတပ်ဖွဲ့သည် ဂွမြို့နှင့်ဧရာဝတီအစပ်က မကျီးဇင်ဒေသကို သိမ်းပိုက်ပြီးနောက် သာပေါင်းမြို့နယ်၊ ရေကြည်မြို့နယ်ဘက်သို့ တိုက်ပွဲ ဦးတည်ခဲ့သည်။
ဓာတ်ပုံ – ယမန်နှစ် ဒီဇင်ဘာလအတွင်း ဂွမြို့ကို တိုက်ခိုက်သိမ်းပိုက်ခဲ့သည့် AA တပ်ဖွဲ့ဝင်များ။
(Western News သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။)
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
