ရန်ကုန်၊ မတ် ၅
ပဲခူးတိုင်းအတွင်းရှိ သာယာဝတီမြို့နယ်နှင့် အုတ်ဖိုမြို့နယ်တို့တွင် အကြမ်းဖက် စစ်တပ်က လူငယ် ၂၀ နီးပါးကို ပေါ်တာဆွဲ ဖမ်းဆီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
မတ်လ ၁ ရက်နေ့ ည ၈ နာရီခန့်တွင် သာယာဝတီမြို့နယ်အတွင်းရှိ စျေးရပ်ကွက် အုပ်ချုပ်ရေးမှူး အငယ်လေး ဦးဆောင်ပြီး သုံးဆယ်မြို့မှ ရဲများနှင့် ပျူစောထီးများက ရပ်ကွက်အတွင်း နေထိုင်သော ကိုဗန်မော်သား ဆိုသူကို ပေါ်တာဆွဲ ဖမ်းဆီးခဲ့ကြောင်း၊ ထိုသို့ ပေါ်တာဆွဲ ဖမ်းဆီးပြီး အပြန်တွင်လည်း အလယ်ကုန်း တာဆုံတွင် နေထိုင်သော လူငယ် ၁ ဦး ထပ်မံ ပေါ်တာဆွဲ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။
ဖေဖော်ဝါရီလ ၂၈ ရက်နေ့ ညနေ ၅ နာရီခန့်တွင် အုတ်ဖိုမြို့နယ်၊ သစ်ဆိမ်ကုန်းကျေးရွာမှ ပဲခြွေနေသည့် လူငယ် ၃ ဦး နှင့် ၁၀ တန်း ကျောင်းသား ၁ ဦးကို အကြမ်းဖက် စစ်ကောင်စီ တပ်သားများက အိမ်စီးကားဖြင့် ပေါ်တာဆွဲ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း၊ ဖမ်းဆီးခံရသူများထဲမှ ၁၀ တန်းကျောင်းသားသည် ရာအိမ်မှူးသား ဖြစ်သော ကြောင့် ပြန်လည်လွှတ်ပေးခဲ့ကြောင်း သိရှိရသည်။
ယင်းနေ့တွင် ညနေ ၆ နာရီခန့်တွင် အုတ်ဖိုမြို့နယ်၊ ဦးတိုကျေးရွာတွင် ခြင်းခတ်ပြီး ပြန်လာသည့် လူငယ် ၇ ဦးကို အကြမ်းဖက် စစ်ကောင်စီ တပ်သားများက အိမ်စီးကားဖြင့် လာရောက် ပေါ်တာဆွဲ ဖမ်းဆီးခဲ့ကြောင်း၊ ဖေဖော်ဝါ ရီလ ၂၇ ရက်နေ့ကလည်း အုတ်ဖိုမြို့၊ ဇေတဝန်လမ်းတွင် နေထိုင်သော ကိုသံချောင်း အပါအဝင် လူငယ်များကို စစ်မှုထမ်းရမည်ဟုဆိုကာ အကြမ်းဖက် စစ်ကောင်စီ တပ်သားများက အတင်းအကြပ် ပေါ်တာဆွဲ ဖမ်းဆီးသွားကြောင်း သိရသည်။
ထို့ပြင် ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ သမိုင်း ၁ ရပ်ကွက်၊ မြို့ဟောင်း ၇ လမ်းတွင် အကြမ်းဖက် စစ်တပ်ခန့် အုပ်ချုပ်ရေးမှူးက စစ်မှုထမ်း ဆင့်ခေါ်ရေးညှိနှိုင်း အစည်းအဝေးများ ဖိတ်ခေါ်၍ စစ်မှုထမ်းကြေးများ ပေးဆောင်ရန် ငွေညှစ်ခြင်း၊ ပြည်ပရောက် လူငယ်များကို စစ်မှုထမ်းအလှည့်ကျလာပါက စစ်မှုထမ်းခိုင်းရန် ပြန်လည် ခေါ်ယူထားရေး ဖိအားပေးနေကြောင်း သိရှိရသည်။
“မရမ်းကုန်းမြို့နယ်ထဲက ရပ်ကွက်တွေမှာ စစ်ခွေးခန့် အုပ်ချုပ်ရေးမှူးတွေက စစ်မှုထမ်း ဆင့်ခေါ်ရေးညှိနှိုင်း အစည်းအဝေးတွေ ခေါ်ပြီး ပြည်သူတွေဆီကနေ ငွေညှစ်နေပါတယ်” ဟု ဒေသပြည်သူများက ပြောဆိုသည်။
အလားတူ ကော့မှူးမြို့နယ်တွင်လည်း တာတိုက်ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် အပေါင်းအပါများက စစ်မှုထမ်းကြေး ၁ အိမ်လျှင် ငွေကျပ် ၂ သောင်းတောင်းခံပြီး အသက် ၁၈ နှစ်ကျော် သော လူငယ်များရှိသည့်နေအိမ်များကို ၁ အိမ်လျှင် ငွေကျပ် ၁ သိန်းနှုန်း အတင်းအဓမ္မ လိုက်လံ တောင်းခံနေကြောင်း သိရသည်။
အလားတူ မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကံလှကျေးရွာတွင် အကြမ်းဖက် စစ်တပ်ခန့် အုပ်ချုပ်ရေးမှူး ထိန်ဝင်းက ကျေးရွာ တစ်ခုလုံး စစ်မှုထမ်းရန် မဲနှိုက်ရမည်ဟုပြောဆိုပြီး မဲမနှိုက်ချင်ပါက အိမ်ထောင်စု တစ်စုလျှင် ငွေကျပ် ၂၀၀၀၀ နှုန်း အတင်း အဓမ္မ လိုက်လံကောက်ခဲ့နေသောကြောင်း သိရှိရသည်။
ပခုက္ကူမြို့နယ်၊ ကံလှရွာသည် အိမ်ခြေ ၅၀၀ ခန့်ရှိပြီး ရသည့်ငွေများကို အကြမ်းဖက် စစ်တပ်နှင့် ခွဲယူကာ ကံလှရွာတွင်လည်း လောင်းကစားဝိုင်းများ အကြီးအကျယ်လုပ်ဆောင်နေကြောင်း၊ လောင်းကစားဝိုင်းများကို တင်းဂါတ် ပျူစောထီး ခေါင်ဆောင် မြင့်ကြည်နှင့် ဆန်းသော်တို့အဖွဲ့က ဦးစီးလုပ်ဆောင်နေကြောင်း သိရသည်။
ဓာတ်ပုံ – ၂၀၂၁ ခုနှစ်တွင် အကြမ်းဖက် စစ်တပ်က ဆန္ဒပြ ပြည်သူများကို စစ်တပ်က အကြမ်းဖက် ဖြိုခွင်း ဖမ်းဆီးနေစဉ်။ (ပုံအဟောင်းဖြစ်သည်)
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
