ရန်ကုန်၊ မတ် ၁၃
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ် ကြတ္တိန်ရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများဆက်တိုက်လုပ်ဆောင်နေသဖြင့် ဘုန်းကြီးကျောင်း ဓမ္မာရုံနှင့် လူနေအိမ်များ မီးလောင်ပျက်စီးကြောင်း ဒေသသတင်းရင်းမြစ် APM က သတင်းဖော်ပြသည်။
ကျောက်ဖြူမြို့နယ်၊ကြတ္တိန်ရွာကို အကြမ်းဖက် စစ်ကောင်စီက ၄ ကြိမ်တိုင်တိုင် ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ဓမ္မာရုံ နှင့် လူနေအိမ် ၄၅ လုံး ၊ ရိက္ခာဆန်များ မီးလောင်ပျက်စီးခဲ့ကြောင်း၊ မတ်လ ၁၂ ရက်နေ့ မွန်းလွဲ ၁၂ နာရီခွဲအချိန် အကြမ်းဖက် ဖက်ဆစ်စစ်ကောင်စီ၏ ဓညဝတီရီတပ်စခန်း ဌာနချုပ်(ဓရခ)က ကြတ္တိန်ရွာကို ဒရုန်းဖြင့် ဗုံး ၂ လုံးကျဲချတိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါ တိုက်ခိုက်မှုကြောင့် ဘုန်းကြီးကျောင်းဓမ္မာရုံနှင့် ကျောင်းနံရံမှ မှန်များပျက်စီးခဲ့ကြောင်း သိရှိရသည်။
မတ်လ ၁၁ ရက်နေ့ နံနက် ၁၀ နာရီအချိန် စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲမှုကြောင့် နေအိမ် ၄ လု့းနှင့် ဆန်များ ပျက်စီးခဲ့ကြောင်း၊ မတ်လ ၉ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်အချိန် စစ်တပ်က ဒရုန်းဖြင့် ဗုံး ၂ လုံးကျဲချတိုက်ခိုက်ခဲ့သဖြင့် နေအိမ် ၁၄ လုံးနှင့် ဆန်များ၊ မတ်လ ၇ ရက်နေ့တွင်လည်း စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲမှုကြောင့် လူနေအိမ် ၂၇ လုံး ပျက်စီးခဲ့ကြောင်း သိရှိရသည်။
ရန်ကုန်ခေတ်သစ်သတင်းဌာနက ရန်ကုန်အခြေစိုက် ကျောက်ဖြူမြို့နယ်အသင်းမှ အဖွဲ့ဝင်တစ်ဦးကို ကျောက်ဖြူ အခြေအနေနှင့်ပတ်သက်၍ ဆက်သွယ်မေးမြန်းရာ မြို့နယ်အတွင်း တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေသည်ဟု သိရှိရကြောင်း၊ သို့ရာတွင် ကျောက်ဖြူမှ စစ်ဘေးရှောင် ပြည်သူများမှာ ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ သုံးမရတော့ဘဲ ရန်ကုန်ရောက် ကျောက်ဖြူဒေသခံများနှင့် အဆက်အသွယ်များ ပြတ်တောက်နေကြောင်း ပြောဆိုသည်။
“အင်တာနက်နဲ့ ဖုန်းလိုင်းတွေက မရတာများတယ်။ တိုက်ပွဲတွေကတော့ ကျောက်ဖြူထဲမှာ တောက်လျှောက်ဖြစ်နေတော့ ပြည်သူတွေမှာ အကူအညီကတော့ လိုအပ်ပါတယ်။ ကျနော်တို့လည်း သွားမကူညီနိင်ဘူး။ သွားလို့လည်းမရဘူး။ အဆက်အသွယ်တောင် မရဘူး ဖြစ်နေတယ်” ဟု ရန်ကုန်အခြေစိုက် ကျောက်ဖြူမြို့နယ်အသင်းမှ အဖွဲ့ဝင် တစ်ဦးက ပြောဆိုသည်။
ဓာတ်ပုံ- APM။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar


