မကွေးတိုင်း၊ စလင်းမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က ဝင်ရောက် စီးနင်းပြီး လူငယ် ၅ ဦးကို ပေါ်တာဆွဲ ဖမ်းဆီးခဲ့ကြောင်း ပြည်သူ့ ညီနောင်-စလင်း သတင်းတာဝန်ခံ ကိုပြည်သူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
အောက်တိုဘာလ ၁၆ ရက်နေ့တွင် စလင်းမြို့နယ်ရှိ ကြက်သားကိုင်ရွာ တောင်ဘက်ခြမ်း အမှိုက်ကျင်းတွင် ဗူးခွန်ကောက်နေသော သားအဖ ၃ ဦးကို စစ်တပ်က ဖမ်းဆီးပြီး ဖခင်ဖြစ်သူကို ခေါ်ဆောင်သွားကြောင်း၊ ယင်းနေ့တွင် စလင်းမြို့နယ်ရှိ သေနပ်ကုန်းရွာကို အကြမ်းဖက် စစ်တပ်က ဝင်ရောက်စီးနင်းပြီး လူငယ် ၄ ဦးကိုလည်း ပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်း၊ ထို့သို့ ဖမ်းဆီးခံရသူ ၅ ဦးသည် အသက်အရွယ် ၂၀ကျော်အရွယ် မှ ၃၅ နှစ်အရွယ် လူငယ်များဖြစ်ပြီး လက်ရှိအချိန်ထိ စလင်းမြို့ မြို့မ ရဲစခန်း အချုပ်ထဲတွင် ဖမ်းဆီးထားကြောင်း သိရှိရသည်။
“ကြက်သားကိုင်ရွာ တောင်ဘက် အမှိုက်ကျင်းမှာ သားအဖ သုံးယောက် ရေသန့်ဗူးခွန်ကောက်နေတာကို အဖေလုပ်တဲ့သူကို စစ်ခွေးတွေက ဆွဲသွားတာပေါ့။ သားမိ နှစ်ယောက်က စလင်းမြို့ ရဲစခန်းရှေ့မှာ ငိုနေတယ်။ သူတို့ ဆွဲသွားတာ စလင်းမြို့မ စခန်းကို ဆွဲသွားတာပါ။ လက်ရှိမှာ အသက်အရွယ်ကတွေကတော့ မသိရသေးဘူး။ ဖမ်းဆီးထားတဲ့ လူငယ် ၅ ဦးကို စလင်းမြို့ မြို့မ ရဲစခန်းထဲမှာ ချုပ်နှောင်ထားတယ်” ဟု ပြည်သူ့ ညီနောင်-စလင်း သတင်းတာဝန်ခံ ကိုပြည်သူက ပြောဆိုသည်။
အလားတူ မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မကျီးကန်ရွာကိုလည်း အကြမ်းဖက် စစ်တပ်က ဝင်ရောက်စီးနင်းပြီး လူငယ် ၅ ဦးကို ပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်း ဒေသပြည်သူများ ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
အောက်တိုဘာလ ၁၆ ရက်နေ့တွင် ပခုက္ကူတပ်မ ၁၀၁ မှ ထွက်လာသော အင်အား ၅၀ ခန့် ရှိပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ပခုက္ကူမြို့နယ်၊ မကျီးကန်ရွာကို ဝင်ရောက်စီးနင်းပြီး လူငယ် ၅ ဦးကို ပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်း၊ ထိုလူငယ် ၅ ဦးသည် မကျီးကန်ရွာမှဖြစ်ပြီး အသက် ၂၀ နှစ်အရွယ်နှင့် ၄၀ ကျော် အရွယ် လူငယ်များဖြစ်ကြောင်း၊ လက်ရှိချိန်တွင် အဆိုပါ လူငယ် ၅ ဦးကို ပခုက္ကူ တပ်မ ၁၀၁ ကို ခေါ်ဆောင်သွားကြောင်း သိရသည်။
“စစ်ခွေးတွေက ကျေးရွာတွေကို ဝင်ရောက်လာပြီး လူငယ် ၅ ဦး ကို ပေါ်တာဆွဲဖမ်းသွားတာပါ။ စစ်ခွေးတွေ ဖမ်းဆီးသွားတဲ့ လူငယ် ၅ ဦးကတော့ အသက်အရွယ်တွေကတော့ ခန့်မှန်းခြေ အသက် ၂၀ နှစ်အရွယ်နဲ့ ၄၀ကျော် အရွယ်တွေ ဖြစ်တယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
ထို့ပြင် ကြို့ပင်ကောက်မြို့နယ်နှင့် အုတ်ဖိုမြို့နယ် အစပ်ကို ရောက်ရှိနေသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကလည်း အောက်တိုဘာလ ၈ ရက်နေ့တွင် ကျေးရွာများကို စစ်ကြောင်းထိုးပြီး ပြည်သူများကို ဆက်တိုက် ပေါ်တာဆွဲ ဖမ်းဆီးသွားကြောင်း သိရသည်။
ထိုအကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ရေငံရွာမှ ပြည်သူ ၈ ဦး ၊ သရက်တောရွာမှ ပြည်သူ ၆ ဦး နှင့် မအူတန်းရွာမှ ပြည်သူများကိုပေါ်တာဆွဲ ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း သိရှိရသည်။
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင်လည်း အောက်တိုဘာလ ၁၃ ရက်နေ့က ရွှေဘိုမြို့နယ်ဘက်မှ တနိုင်းဘက်သို့ တက်လာသော အံစာတုံးကား ၁ စီးပေါ် လိုက်ပါလာသော လူငယ် ၉ ဦးကိုလည်း စံပယ်နံ့သာ ပျူစောထီးစခန်းမှ အကြမ်းဖက် စစ်သားများက ပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်း သိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




