ရန်ကုန်၊ အောက်တိုဘာ ၂၁
တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် မောင်းမကန်ကမ်းခြေအနီးရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုးပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်နေ၍ ပင်လယ်ကမ်းစပ်ရှိ ကျေးရွာများမှ ထောင်နှင့်ချီသော ပြည်သူများဘေးလွတ်ရာ ထွက်ပြေးနေရကြောင်း ဒေသပြည်သူများနှင့် စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
အောက်တိုဘာလ ၁၉ ရက်နေ့ နံနက်အစောပိုင်းမှ စတင်ပြီး ထားဝယ်ရေနက်ဆိပ်ကမ်းဘက်မှ အကြမ်းဖက် စစ်သားများသည် ငါးဖမ်းလှေများကို ချောဆွဲ၍ လောင်းလုံးမြို့နယ် မောင်းမကန်ကမ်းခြေအနီးရှိ ကျေးရွာများကို စစ်ကြောင်းထိုး ဝင်ရောက် စီးနင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် အနီးအနားရှိကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ ပင်လယ်ပြင်တွင် ရပ်ထားသော စစ်သင်္ဘောများကလည်း ကျေးရွာများကို လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်ခြင်းကြောင့် ကျောက်ဆင်ရွာနှင့် သဘော့ဆိပ်ရွာမှ ပြည်သူများ အပါအဝင် အနီးအနားရှိ ကျေးရွာများမှ ထောင်နှင့်ချီသော ပြည်သူများသည် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။
“စစ်ခွေးတွေက ထားဝယ်ရေနက်ဆိပ်ကမ်းဘက်ကနေ ငါးဖမ်းလှေတွေကို ချောဆွဲပြီး မောင်းမကန် ကမ်းခြေ အနီးက ရွာတွေကို စစ်ကြောင်းထိုးနေတာ ၁၉ ရက်နေ့ နံနက်အစောပိုင်းတည်းက စစ်ခွေး စစ်ကြောင်းက စပြီးဝင်တာ ခွေးတွေက ရွာတွေကို လက်နက်ကြီးတွေနဲ့ ပစ်နေတော့ ပြည်သူတွေလည်း မနေရဲတော့ဘူး။ ဘေးလွတ်ရာကို အကုန်ပြေးနေရတယ်။ ပြေးနေရတာက ၅ ရွာ၊ ၆ ရွာလောက်ရှိတယ်။ ပြည်သူတွေ ဖမ်းဆီးခံရတယ်ဆိုတာတော့ မကြားမိသေးဘူး။ ခွေးကြောင်းက ရွာတွေမှာပဲ ညအိပ်ပြီး တစ်ရွာပြီး တစ်ရွာဝင်ရောက် စီးနင်းနေတာ” ဟု ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် လက်ရှိချိန်ထိ ကျေးရွာများကို စစ်ကြောင်းထိုးဝင်ရောက် စီးနင်းနေခြင်းကြောင့် ရွာထဲရှိ ပျက်စီးမှုအခြေအနေနှင့် ပြည်သူများ ဖမ်းဆီး သတ်ဖြတ်ခံရမှု ရှိမရှိကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။
အလားတူ ဇူလိုင်လ ၂၉ ရက်နေ့ကလည်း လောင်းလုံးမြို့နယ်၊ မောင်းမကန်ရဲစခန်းမှ အကြမ်းဖက် စစ်သားများက ပန်းတင်းအင်းရွာကို စစ်ကြောင်းထိုး ဝင်ရောက်ကာ ပြည်သူများကို လူသားဒိုင်း အဖြစ် ဖမ်းဆီးပြီး ကျေးရွာအတွင်းရှိ နေအိမ် ၈ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ထို့ပြင် အကြမ်းဖက် စစ်တပ်က ပစ်ခတ်သော လက်နက်ကြီးထိမှန်ပြီး ပြည်သူ ၂ ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။
ဓာတ်ပုံ – လောင်းလုံးမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူများ





