စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ စံပယ်နံ့သာရွာ ပျူစောထီး စစ်ဆေးရေးဂိတ်မှ စစ်သားများက အသက် ၁၆ နှစ်အရွယ် မရွှန်းရွှန်းလဲ့ကို မုဒိမ်းပြုကျင့်ပြီး မီးရှို့ သတ်ဖြတ်ခဲ့ကြောင်း ကန့်ဘလူခရိုင် အမှတ် ၃ PDF တပ်ရင်း ထောက်လှမ်းရေးတာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယမန်နေ့ အောက်တိုဘာလ ၂၉ ရက်နေ့ နံနက် ၉ နာရီခန့်တွင် ကောလင်းမြို့နယ်၊ ပေကုန်းရွာ၌ နေထိုင်သော အသက် ၁၆ နှစ်အရွယ် မစုမြတ်ပြည့်နှင့် မရွှန်းရွှန်းလဲ့တို့သည် ရွှေဘိုမြို့ပေါ်သို့ အလုပ်သွားရောက် လုပ်ကိုင်ရန် ဆိုင်ကယ်ဖြင့် လာရောက်စဉ် ကန့်ဘလူမြို့နယ်၊ စံပယ်နံ့သာရွာ ပျူစောထီး စစ်ဆေးရေးဂိတ်မှ စစ်သားများက ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ ဖမ်းဆီးပြီးနောက် မစုမြတ်ပြည့်နှင့် မရွှန်းရွှန်းလဲ့တို့ကို တစ်နေရာဆီ ခွဲ၍ ချုပ်နှောင်ခဲ့ပြီးနောက် မရွှန်းရွှန်းလဲ့ ကို စစ်သားနှင့် ပျူစောထီးများက အုပ်စုဖွဲ့ မုဒိမ်းပြုကျင့်ကာ မီးရှို့သတ်ဖြတ်ခဲ့ကြောင်း၊ ၎င်းတို့ဖမ်းဆီးထားသည့် မစုမြတ်ပြည့်သည် စစ်သားနှင့် ပျူစောထီးများ အလစ်တွင် ထွက်ပြေးလာသောကြောင့် လွတ်မြောက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
ထိုသို့ ထွက်ပြေးလွတ်မြောက်လာသော မစုမြတ်ပြည့်ကို ကန့်ဘလူခရိုင် တပ်ရင်း ၃ တပ်ခွဲ ၃ က ကယ်တင်နိုင်ခဲ့ပြီးနောက် အောက်တိုဘာလ ၂၉ ရက်နေ့ ညတွင်းချင်း မိသားစုဝင်များထံ ပြန်လည် အပ်နှံပေးခဲ့ကြောင်း သိရသည်။
“သူတို့ ၂ ဦးကို စစ်ခွေးတွေက ဖမ်းဆီးပြီး တစ်နေရာဆီမှာ ချုပ်ထားတယ်လို့ သိရတယ်။ မရွှန်းရွှန်းလဲ့ကိုတော့ စစ်ခွေးနဲ့ပျူခွေးတွေက မုဒိမ်းပြုကျင့်ပြီး မီးရှို့သတ်ဖြတ်ခဲ့တယ်။ သူတို့က ရွှေဘိုမြို့ကို အလုပ်သွားလုပ်ဖို့ လာတာကို စံပယ်နံ့သာရွာ ပျူစောထီး စစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးခံရတာ မရွှန်းရွှန်းလဲ့ကို မုဒိမ်းကျင့်ပြီး တန်းပြီးမီးရှို့သတ်တာ။ မစုမြတ်ပြည့်ကိုလည်း ဖမ်းဆီးထားတုန်း ငါ့ဆန္ဒကို ဖြည့်ပေးပါလားဆိုပြီး ပျူစောထီးတွေက ပြောဆိုတာတွေရှိတယ်လို့ သိရတယ်။ သူတို့ အလစ်မှာ ထွက်ပြေးလာလို့ မစုမြတ်ပြည့်က လွတ်မြောက်ခဲ့တာ” ဟု ကန့်ဘလူခရိုင် အမှတ် ၃ PDF တပ်ရင်း ထောက်လှမ်းရေးတာဝန်ခံက ပြောဆိုသည်။
အဆိုပါ ပျူစောထီးဂိတ်တွင် မစုမြတ်ပြည့်နှင့် မရွှန်းရွှန်းလဲ့တို့ စီးနင်းလာသော ဆိုင်ကယ် ၁ စီးနှင့် ဖုန်း ၂ လုံးကို စစ်သားနှင့် ပျူစောထီးများက လုယက် ယူဆောင်ထားကြောင်း သိရသည်။
အလားတူ အောက်တိုဘာလ ၁၆ ရက်နေ့ နံနက် ၉ နာရီခန့်အချိန် ကန့်ဘလူမြို့နယ်၊ ရွှေဘို-မြစ်ကြီးနား လမ်းပိုင်းရှိ စံပယ်နံ့သာ ပျူစောထီးအထိုင်စခန်းမှ အကြမ်းဖက် စစ်သားများက ကောလင်းမြို့နယ် ညောင်ကုန်းကျေးရွာမှ တန့်ဆည်နယ်ဘက်သို့ ကထိန်ခင်းရန် သွားသော ဦးကျော်မျိုးနှင့် ဒေါ်အေးမာဦးတို့ လင်မယား ၂ ဦးကို ဖမ်းဆီးခဲ့ကြောင်း၊ ယင်းသို့ ဖမ်းဆီးပြီးနောက် ဒေါ်အေးမာဦးကို မုဒိမ်းကျင့်သတ်ဖြတ်ပြီး ဒေါ်အေးမာဦး ဝတ်ဆင်ထားသော ဆွဲသီးပါ ရွှေဆွဲကြိုး ၂ ခု ၊ ၁ ကျပ်သားရွှေအခဲ ၁ ခု ၊ နားကပ် ၁ ခု၊ လက်ကောက် ၁ ခု စုစုပေါင်း ရွှေ ၃ ကျပ်သားနှင့် ငွေသား ၇ သိန်း ၊ ဖုန်း ၃ လုံး ၊ ဆိုင်ကယ် ၁ စီး တို့ကို လုယက်ခဲ့သည်။
ဓာတ်ပုံ – ကန့်ဘလူမှ ပျူစောထီးနှင့် ပြည်သူ့စစ်များ။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




