စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်ရှိ ညောင်ခြေထောက်ကျေးရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူများ ထိခိုက်သေဆုံးမှုရှိကြောင်း ကသာမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကပြောဆိုသည်။
ယမန်နေ့ အောက်တိုဘာလ ၂၉ ရက်နေ့ ည ၁၀ နာရီ ၂၅ မိနစ်အချိန်၊ ည ၁၀ နာရီ ၄၄ မိနစ်အချိန်နှင့် ည ၁၀ နာရီ ၅၀ မိနစ်အချိန်တို့တွင် ကသာမြို့နယ်၊ ညောင်ခြေထောက်ရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ၃ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ ဗုံးကျဲမှုကြောင့် ညောင်ခြေထောက်ကျေးရွာမှ အသက် ၆၀ နှစ်အရွယ် သက်ကြီးရွယ်အို အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ ဦး၊ အသက် ၄၀ နှစ်အထက် အမျိုးသမီး ၂ ဦး၊ အသက် ၁၀ နှစ်အရွယ် ကလေးငယ် ၁ ဦး စုစုပေါင်း ၅ ဦးသေဆုံးပြီး ၇ ဦး ပြင်းထန် ဒဏ်ရာရရှိကြောင်း သိရှိရသည်။
လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် ဘုန်းကြီးကျောင်းဝန်းအတွင်း၊ အပြင်၊ ဓမ္မာရုံနှင့် ဂရုဏာ ပရဟိတ ကားပျက်စီးသွားခဲ့ပြီး ကျေးရွာနေအိမ် ၁၄ လုံးလည်း ပျက်စီးခဲ့ရကြောင်း သိရှိရသည်။
အလားတူ ဗန်းမောက်မြို့ကိုလည်း အကြမ်းဖက် စစ်တပ်က Y-12 လေယာဉ်ဖြင့် ဗုံး ၄၀ ကျော်ကျဲချ တိုက်ခိုက်သွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
အောက်တိုဘာလ ၂၉ ရက်နေ့ နံနက် ၈ နာရီ ၄၀ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်က ဗန်းမောက်မြို့ကို Y-12 လေယာဉ်ဖြင့် ဗုံး ၄၀ ကျော် ကျဲချ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှုအတွင်း ပြည်သူပိုင် နေအိမ်များနှင့် အဆောက်အဦးများ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။
ထို့ပြင် အောက်တိုဘာလ ၂၆ ရက်နေ့ကလည်း နားယကာရွာ ဘုရားကုန်းနှင့် ခမိုး နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းမှ အကြမ်းဖက် စစ်တပ်နှင့် SNA အဖွဲ့က ဗန်းမောက်မြို့ပေါ်ကို ၁၂၀ မမ လက်နက်ကြီး၊ ဒရုန်းများဖြင့် ပစ်ခတ် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် မြို့ပေါ်ရှိ ဌာနဆိုင်ရာ အဆောက်အဦးများ မီးလောင်ပျက်စီးခဲ့ကြောင်း သိရှိရသည်။
“စစ်ခွေးတွေက ဗန်းမောက်မြို့ပေါ်က ပြည်သူပိုင်နေအိမ်တွေကို လက်နက်ကြီး၊ ဒရုန်းတွေနဲ့ ပစ်ခတ် တိုက်ခိုက်ပြီး မြို့ကို ဖျက်ဆီးလို့ အားမရလို့ လေယာဉ်နဲ့ပါ ဗုံးကျဲပြီး ဖျက်ဆီးနေတာပါ။ ပြည်သူတွေကတော့ အကုန်တိမ်းရှောင်နေတော့ ထိခိုက်တဲ့သူမရှိပါဘူး” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
အဆိုပါ ဗန်းမောက်မြို့ကို တော်လှန်ရေး တပ်ဖွဲ့များက စက်တင်ဘာလ ၁၅ ရက်နေ့တွင် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး စက်တင် ဘာလ ၂၀ ရက်နေ့တွင် အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar









