ပဲခူးတိုင်း၊ ပြည်မြို့၊ ဆင်စုရပ်ကွက်တွင်နေထိုင်သူ အသက် ၂၃ နှစ်အရွယ် မောင်၀ဏ္ဏကျော်မှာ ပျောက်ဆုံးနေရာမှ စစ်မှုထမ်းအဖြစ် ဖမ်းဆီးရောင်းစားခံလိုက်ရကြောင်း မိတ်ဆွေများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။
အောက်တိုဘာလ ၁၆ ရက်နေ့ ည ၈ နာရီကျော်က ပြည်မြို့၊ ဆင်စုရပ်ကွက်တွင် နေထိုင်သော အသက် ၂၃ နှစ်အရွယ် မောင်ဝဏ္ဏကျော်သည် နေအိမ်မှ အလုပ်သို့ သွားပြီးနောက် ပြန်လည်ရောက်ရှိခြင်းမရှိဘဲ ယနေ့ အချိန်အထိ ပျောက်ဆုံးနေကြောင်း၊ စစ်တပ်က စစ်မှုထမ်းအဖြစ် ဖမ်းဆီးသွားသည်ဟု သတင်းရရှိ သော်လည်း မည်သည့်တပ်တွင် ရောက်ရှိနေသည်ကို မသိရကြောင်း မိတ်ဆွေများက ပြောသည်။
“စစ်တပ်ထဲရောက်သွားတယ်လို့တော့ သတင်းရထားလို့ လိုက်နေတုန်းပဲရှိသေးတယ်။ စစ်မှုထမ်းထဲ ပါ သွားတယ်လို့ပဲ သိရသေးတာ။ ဘယ်တပ်မှာ ပါသွားလဲ၊ ဘယ်တပ်မှာ ရောက်နေလဲ ဆိုတာ အတိ အကျတော့ မသိရသေးဘူး။ အခုတော့ လိုက်လံစုံစမ်းနေတုန်းပဲ။ ကြားထဲမှာလည်း ဖုန်းဆက်တာ တွေ ဘာတွေလည်း မသေးဘူး။ ကျန်းမာရေးကတော့ နည်းနည်း ချူချာတဲ့ အထဲပါတယ်။” ဟု မောင်ဝဏ္ဏကျော်၏ မိတ်ဆွေတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
အလားတူ မကွေးတိုင်း ၊ စလင်းမြို့နယ်နှင့် ဆင်ဖြုကျွန်းမြို့နယ်တို့တွင် အသက် ၁၆နှစ်အရွယ် ၉ တန်း ကျောင်းသား လူငယ် ၄ ဦးကို စစ်ဆေးရေးဂိတ်တွင် စစ်တပ် ပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်း ပြည်သူ့ ညီနောင်-စလင်း သတင်းတာဝန်ခံ ကိုပြည်သူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
အောက်တိုဘာလ ၂၉ရက်နေ့ စလင်းမြို့နယ်နှင့် ဆင်ဖြုကျွန်းမြို့နယ်ရှိ ကျေးရွာများမှ ကျောင်းသား လူငယ် ၄ ဦးကို စလင်း – ဆင်ဖြူကျွန်းလမ်းပိုင်းရှိ စစ်ဆေးဂိတ်တွင် စစ်တပ်က ပေါ်တာဆွဲဖမ်းဆီးသွားခဲ့ ကြောင်း၊ ပေါ်တာဆွဲဖမ်းဆီးခံရသော ကျောင်းသား လူငယ် ၄ ဦးအနက် ကျောင်းသား ၃ ဦးမှာ စလင်းမြို့နယ် တောစိမ့်ကျေးရွာမှဖြစ်ကြောင်း၊ ကျန်ကျောင်းသား ၁ ဦးမှာမူ ဆင်ဖြူကျွန်းမြို့နယ်မှဖြစ်ကြောင်း၊ ကျောင်းသား လူငယ် ၄ ဦးစလုံးမှာ အသက် ၁၆ နှစ်အရွယ် ၉ တန်းကျောင်းသားများဖြစ်ပြီး ဆင်ဖြူကျွန်း ရဲစခန်းထဲတွင် ဖမ်းဆီးချုပ်နှောင်ထားကြောင်း သိရှိရသည်။
” ပေါ်တာဆွဲဖမ်းဆီးခံရတာ တောစိမ့်ကျေးရွာမှာနေတဲ့ ၉ တန်းကျောင်းသားလေးတွေ။ ကျောင်းတက်နေဆဲသူတွေပါ။ စလင်း – ဆင်ဖြူကျွန်းလမ်းပိုင်းမှာ ပေါ်တာဆွဲခံရတာ။ ပေါ်တာဆွဲဖမ်းဆီး စစ်ဆေးတဲ့နေရာမှာ ကလေး ၄ ဦးထဲက ၁ ဦးကနေပြီးတော့ ဖုန်းထဲမှာ PDF တွေရဲ့ ဓာတ်ပုံတွေ့ လိုဆိုပြီး ဒီကလေးကို ရစရာမရှိအောင် ရိုက်နှက် ထားတာတွေလည်းရှိတယ်။ ၄ဦးစလုံးက ၉တန်းကျောင်းသားတွေ ဖြစ်တယ်။ ၉ တန်းကျောင်းသား သူငယ်ချင်းတွေ စုပြီး အလည်သွားကြရင်း အဖမ်းခံရတာ။ လက်ရှိမှာ ဖမ်းဆီးခံရထားကလေးတွေက ဆင်ဖြူကျွန်း ရဲစခန်း အချုပ်ထဲမှာလို့ သိရတယ်။ ကလေးတွေ အသက်အရွယ်က ၉တန်းကျောင်းသားဆိုတော့ ၁၆ နှစ်အရွယ်လေးတွေပါ “ဟု ပြည်သူ့ ညီနောင်-စလင်း သတင်းတာဝန်ခံ ကိုပြည်သူကပြောဆိုသည်။
အောက်တိုဘာလ ၁၆ ရက်နေ့ကလည်း စလင်းမြို့နယ်ရှိ ကြက်သကိုင်ရွာ တောင်ဘက်ခြမ်း အမှိုက်ကျင်းတွင် ဗူးခွန်ကောက်နေသော သားအဖ ၃ ဦးကို စစ်တပ်က ဖမ်းဆီးပြီး ဖခင်ဖြစ်သူကို ခေါ်ဆောင်သွားကြောင်း၊ ထို့အတူ အောက် တိုဘာ ၁၆ ရက်နေ့တွင်ပင် စလင်းမြို့နယ်ရှိ သေနပ်ကုန်းရွာမှ လူငယ် ၄ ဦးကိုလည်း စစ်တပ်က ပေါ်တာဆွဲဖမ်းဆီးသွားခဲ့ကြောင်း သိရှိရသည်။
ဓာတ်ပုံ – ပြည်မြို့မှ စစ်မှုထမ်းအဖြစ် ရောင်းစားခံရသော အသက် ၂၃ နှစ်အရွယ် မောင်၀ဏ္ဏကျော်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




