26 C
Yangon

မြန်မာစစ်တပ်အတွက် ဒေါ်လာ သန်းရာပေါင်းများစွာ ဝင်ငွေရှာဖွေပေးနေသော MOGE နှင့်အလုပ်လုပ်နေသည့် နိုင်ငံတကာရေနံကုမ္ပဏီကြီးများကို အရေးယူရန် JFM က ထပ်မံတိုက်တွန်း

Must read

ရန်ကုန်၊ နိုဝင်ဘာ ၃

မြန်မာအကြမ်းဖက် စစ်တပ်အတွက် အမေရိကန်ဒေါ်လာ သန်းရာပေါင်းများစွာ ဝင်ငွေရှာဖွေပေးနေသော မြန်မာ့ရေနံနှင့်သဘော၀ဓာတ်ငွေ့လုပ်ငန်း -MOGE နှင့်အလုပ်လုပ်နေသည့် နိုင်ငံတကာရေနံကုမ္ပဏီကြီးများကို အရေးယူရန် Justice for Myanmar-JFM က ထပ်မံတိုက်တွန်းတောင်းဆိုသည်။

ဗြိတိသျှပင်လယ်ရပ်ခြားပိုင်နယ်မြေများတွင် အခြေစိုက်သည့် ရေနံကုမ္ပဏီများသည် မြန်မာစစ်တပ်၏ ၂၀၂၁ ခုနှစ် အာဏာသိမ်းကြိုးပမ်းမှုနောက်ပိုင်း တရားမဝင်စစ်အုပ်စုအတွက် အခွန်ဝင်ငွေ အမေရိကန် ဒေါ်လာသန်းရာပေါင်းများစွာကို ရရှိစေခဲ့ပြီး၊ ယူကေဒဏ်ခတ်ပိတ်ဆို့မှုများအပေါ် သံသယဖြစ်ဖွယ် ချိုးဖောက်မှုများ ပြုလုပ်ခဲ့ကြောင်း၊ ယင်းကုမ္ပဏီများတွင် စစ်အုပ်စုထိန်းချုပ်ထားသော မြန်မာ့ရေနံနှင့်သဘာဝဓါတ်ငွေ့လုပ်ငန်း (MOGE) နှင့် ထိုင်း စွမ်းအင်ကုမ္ပဏီကြီး PTT Exploration and Production Public Company Limited (PTTEP) တို့အကြားရှိ ဖက်စပ်ကုမ္ပဏီနှစ်ခုလည်း ပါဝင်ကြောင်း၊ အဆိုပါကုမ္ပဏီများအကြောင်း Justice For Myanmar က အာဏာပိုင်များထံ အသိပေးအကြောင်းကြားပြီးနောက် ၁၈ လကြာသည့် ယခုအချိန်အထိ ယင်းကုမ္ပဏီများသညကို ဗြိတိသျှပင်လယ်ရပ်ခြားပိုင်နယ်မြေများအတွင်း ဆက်လက်လည်ပတ်ရပ်တည်နေဆဲဖြစ်ကြောင်း JFM ထောက်ပြပြောဆိုသည်။

MOGE က မြန်မာစစ်အုပ်စုအတွက် တစ်ခုတည်းသော အကြီးဆုံး နိုင်ငံခြားဝင်ငွေရင်းမြစ်တစ်ခုဖြစ်ပြီး၊ ပြည်သူများအပေါ် ကျူးလွန်လျက်ရှိသည့် စစ်ရာဇဝတ်မှုများ လုပ်ဆောင်နိုင်ရန် လေယာဉ်ဆီ နှင့် စစ်လက်နက် ဘဏ္ဍာငွေ ထောက်ပံ့လျက်ရှိကြောင်း၊ ဘာမြူဒါနှင့် ကေမန်ကျွန်းစုများ အာဏာပိုင်များအနေဖြင့် အဆိုပါရေနံကုမ္ပဏီများကို စုံစမ်းစစ်ဆေးခြင်း၊ ကျူးလွန်မှုများအတွက် အရေးယူတာဝန်ခံစေခြင်းနှင့် မိမိတို့အာဏာပိုင်နယ်မြေအတွင်း စစ်အုပ်စုစီးပွားရေးများကို အဆုံးသတ်ခြင်းများ လုပ်ဆောင်ခြင်းဖြင့် ယူကေဒဏ်ခတ်ပိတ်ဆို့မှုများကို အပြည့်အဝ အသက်သွင်းလုပ်ဆောင်ရမည်ဖြစ်ကြောင်း JFM က ဆိုသည်။

Justice For Myanmar အနေဖြင့် UK အစိုးရ၏ ၏ မြန်မာနိုင်ငံအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုပြဌာန်းချက် ၂၀၂၁ ခုနှစ်၊ ၄င်းမှထပ်ဆင့် မြန်မာဒဏ်ခတ်ပိတ်ဆို့မှုဆိုင်ရာ (ပင်လယ်ရပ်ခြားပိုင်နယ်မြေများ) အမိန့် ၂၀၂၁ တို့ကို ချမှတ်ခဲ့ကြောင်း၊ သံသယဖြစ်ဖွယ် ချိုးဖောက်မှုများအအပေါ် မှတ်တမ်းပြုထားသော အသေးစိတ်အထောက်အထားများ ပါရှိသည့် ဥပဒေကြောင်းဆိုင်ရာ တိုင်ကြားချက်တစ်ရပ်အား ကေမန်ကျွန်းစုများနှင့် ဘာမြူဒါအစိုးရများထံ ၂၀၂၄ ခုနှစ်၊ ဧပြီလက JFM က တင်သွင်းတိုင်ကြားခဲ့ကြောင်း သိရှိရသည်။

Justice For Myanmar သည် မြန်မာနိုင်ငံ၏ အကြီးမားဆုံးနှင့် အကျိုးအမြတ်အများဆုံး ကမ်းလွန်ဓာတ်ငွေ့ တူးဖော်ရေးအကွက်အချို့မှ ဓာတ်ငွေ့များကို တူးဖော်သယ်ယူပို့ဆောင်နေသည့် ကုမ္ပဏီများအား ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုစည်းမျဉ်းများ ချိုးဖောက်မှုရှိသည်ဟု သံသယဖြစ်ဖွယ်အကြောင်းများဖြင့် ကေမန်ကျွန်းစုများနှင့် ဘာမြူဒါအာဏာပိုင်များထံသို့ JFM က တိုင်ကြားခဲ့ကြောင်း သိရှိရသည်။

ယင်းကုမ္မဏီများတွင် PTTEP Offshore Investment Company Limited (PTTEPO) သည် ထိုင်းအများပိုင်နှင့် အစိုးရတစ်စိတ်တစ်ပိုင်းပိုင် PTTEP ၏ ကုမ္ပဏီခွဲတစ်ခုဖြစ်ကြောင်း၊ ကေမန်ကျွန်းစုများတွင် မှတ်ပုံတင်ထားသည့် PTTEPO သည် ဗြိတိသျှပင်လယ်ရပ်ခြားပိုင်နယ်မြေများတွင် MOGE နှင့် အနည်းဆုံး ဖက်စပ်လုပ်ငန်းနှစ်ခုတွင် များပြားသောရင်းနှီးမြှုပ်နှံမှုများကို ပိုင်ဆိုင်ထားကြောင်း သိရှိရသည်။

PTTEPO ၏ ဖက်စပ်လုပ်ငန်းတစ်ခုမှာ ကေမန်ကျွန်းစုများတွင် မှတ်ပုံတင်ထားသည့် Andaman Transportation Limited (ATL) ဖြစ်ပြီး၊ ဇောတိကစီမံကိန်း (ကမ်းလွန်လုပ်ကွက် M9 နှင့် M11 ) မှ သဘာဝဓါတ်ငွေ့များကို ထိုင်းနိုင်ငံသို့ သယ်ယူပို့ဆောင်ပေးကြောင်း၊ ATL ကုမ္ပဏီကို PTTEPO က ၈၀ ရာခိုင်နှုန်းနှင့် MOGE က ၂၀ ရာခိုင်နှုန်း ပိုင်ဆိုင်ကြောင်း၊ လက်ရှိ ATL ကုမ္ပဏီတွင် MOGE ကိုယ်စားပြု ဘုတ်အဖွဲ့ဝင်ဒါရိုက်တာနှစ်ဦး ပါဝင်နေပြီး၊ တစ်ဦးသည် MOGE ၏ ဘဏ္ဍာရေးဌာန၏ ဒါရိုက်တာဖြစ်ပြီး၊ နောက်တစ်ဦးသည် စီမံကိန်းဌာန၏ ဒါရိုက်တာ ဖြစ်ကြောင်း သိရှိရသည်။

PTTEPO ၏ နောက်ဖက်စပ်ကုမ္ပဏီတစ်ခုမှာ ဘာမြူဒါတွင် မှတ်ပုံတင်ထားသည့် Moattama Gas Transportation Company Limited (MGTC) ဖြစ်ပြီး၊ ရတနာစီမံကိန်း (ကမ်းလွန်လုပ်ကွက် M5 နှင့် M6) မှ သဘာဝဓါတ်ငွေ့များကို ထိုင်းနိုင်ငံအတွင်းသို့ သယ်ယူပို့ဆောင်သည့် ပိုက်လိုင်းအား ကြီးကြပ်လုပ်ကိုင်သည့် ကုမ္ပဏီ ဖြစ်ကြောင်း၊ MGTC ကို PTTEPO က ၆၃ ရာခိုင်နှုန်းပိုင်ဆိုင်ပြီး၊ MOGE က ၃၇ ရာခိုင်နှုန်း ပိုင်ဆိုင်ကြောင်း၊ MOGE ကိုယ်စားပြု ဒါရိုက်တာနှစ်ဦးလည်း ပါဝင်နေကြောင်း သိရှိရသည်။

Unocal Myanmar Company Limited မှာ အမေရိကန် ရေနံကုမ္ပဏီကြီး Chevron Corporation ၏ ဘာမြူဒါအခြေစိုက် လက်အောက်ခံကုမ္ပဏီဖြစ်ကြောင်း၊ Chevron Corporation သည် ၂၀၂၄ ခုနှစ်အတွင်း မြန်မာနိုင်ငံမှ ၎င်းတို့မထွက်ခွာမီအချိန်အထိ ရတနာစီမံကိန်းနှင့် ယင်း၏ပိုက်လိုင်းကုမ္ပဏီ MGTC တွင် အဓိကရင်းနှီးမြှုပ်နှံသူဖြစ်ခဲ့ပြီး၊ ရှယ်ယာ ၄၁ ရာခိုင်နှုန်း ၂၀၂၂ ခုနှစ်၊ ဇူလိုင်လတွင် TotalEnergies ထွက်ခွာသွားပြီးနောက် ယခင် ၂၈ ဒသမ ၂၆ ရာခိုင်နှုန်းမှ တိုးမြင့်ပိုင်ဆိုင်လာခြင်းဖြစ် ကြောင်း၊ Unocal Myanmar ကုမ္ပဏီသည် ဘာမြူဒါတွင် ဆက်လက်မှတ်ပုံတင်ထားဆဲ ဖြစ်ကြောင်း သိရှိရသည်။

၂၀၂၁ ခုနှစ်အတွင်း ယူကေနိုင်ငံက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (နစက) အား ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်ခဲ့ကြောင်း၊ ယင်းအဖွဲ့သည် တရားမဝင်အာဏာသိမ်းကြိုးပမ်းမှု၏ အစိတ်အပိုင်းအဖြစ် ဖန်တီးခဲ့သည့် မြန်မာစစ်အုပ်စု၏ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေးအဖွဲ့ ဖြစ်ကြောင်း၊ စစ်တပ်က MOGE အား ထိန်းချုပ်၊ ပိုင်ဆိုင်ထားပြီး၊ အကျိုးအမြတ်များ ရရှိနေကြောင်း၊ ယင်းမှာ ယူကေဒဏ်ခတ်ပိတ်ဆို့မှုများက MOGE အပေါ်တွင်ပါသက်ရောက်ကြောင်း အဓိပ္ပါယ်ရပြီး ထို့ကြောင့်ပင် ယူကေ ပိုင်နက်နယ်မြေများတွင် မှတ်ပုံတင်ထားသည့် မည်သည့်ကုမ္ပဏီမဆို MOGE နှင့် စီးပွားရေးလုပ်ဆောင်ခြင်းကို တားမြစ်ပိတ်ပင်မှုများထားရှိသင့်ကြောင်း JFM က ပြောသည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ တရားမဝင် အာဏာသိမ်းကြိုးပမ်းမှုနောက်ပိုင်း မြန်မာစစ်တပ်က အစုလိုက် အပြုံလိုက်သတ်ဖြတ်မှုများ၊ ဥပဒေမဲ့ဖမ်းဆီးမှုများ၊ စစ်ဘက်၊ အရပ်ဘက် မခွဲခြားသော အဆင်ခြင်မဲ့ လေကြောင်းတိုက်ခိုက်မှုများ၊ မုဒိန်းကျင့်မှုများနှင့် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများ၊ ညှဉ်းပန်းနှိပ်စက်မှုများ၊ ရည်ရွယ်ချက်ရှိရှိ ကျေးရွာများအား မီးရှို့ဖျက်ဆီးမှုများ ကျူးလွန်ကာ နိုင်ငံတဝန်း အကြမ်းဖက်စစ်ဆင်ရေးကို လုပ်ဆောင်လျက်ရှိပြီး စစ်အုပ်စု၏ အကြမ်းဖက်စစ်ဆင်ရေးအတွင်း သား‌ကောင်ဖြစ်ခံရမှုများတွင် ကလေးသူငယ်များ ပါဝင်လာမှုကလည်း ပိုမိုမြင့်တက်လျက်ရှိကြောင်း သိရှိရသည်။

PTTEP ၏ ဘဏ္ဍာရေးရှင်းတမ်းများကို Justice For Myanmar နှင့် ယူကေအခြေစိုက် ဂျာနယ်လစ်ဇင် အဖွဲ့အစည်းဖြစ်သည့် Finance Uncovered တို့၏ ဆန်းစစ်သုံးသပ်မှုအရ MGTC နှင့် ATL တို့က ၂၀၂၁ ခုနှစ်နှင့် ၂၀၂၄ ခုနှစ်အတွင်း ပိုက်လိုင်းလုပ်ငန်းမှ ဝင်ငွေပေါင်း အနည်းဆုံး အမေရိကန်ဒေါ်လာ ၁ ဒသမ ၀၇၈ ဘီလီယံကို ရှာဖွေနိုင်ခဲ့ကြောင်း ၊ရှယ်ယာအနည်းစုပိုင်ရှင်ဖြစ်သည့် MOGE သည် အမေရိကန်ဒေါ်လာ ၂၃၉ သန်း ရှိခဲ့လိမ့်မည် ဖြစ်ကြောင်း သိရှိရသည်။

Justice For Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “စစ်တပ်ရဲ့ တရားမဝင် အာဏာသိမ်းကြိုးပမ်းမှု ငါးနှစ်နီးပါး ရောက်လာတဲ့အချိန်အထိ ဗြိတိသျှပင်လယ်ရပ်ခြားပိုင်နယ်မြေတွေမှာ မြန်မာစစ်အုပ်စုဆက်နွှယ်ကုမ္ပဏီတွေ ဆက်လက်လည်ပတ်‌နေတာဟာ လက်ခံနိုင်စရာ အကြောင်းမရှိပါဘူး။ ဒီကုမ္ပဏီတွေဟာ ကလေးသူငယ်တွေကို သတ်ဖြတ်တာတွေ၊ စာသင်ကျောင်းတွေ၊ ဆေးရုံတွေကို ဗုံးကျဲတိုက်ခိုက်တာတွေကိုအပြစ်ပေးအရေးယူခံရမှုကင်းလွတ်စွာနဲ့ လုပ်ဆောင်နေတဲ့ တရားမဝင်စစ်အုပ်စုကို ငွေကြေးထောက်ပံ့နေတာ ဖြစ်ပါတယ်” ဟုဆိုသည်။

“အာဏာပိုင်တွေအနေနဲ့ အခုချက်ချင်း အရေးယူဆောင်ရွက်ဖို့ လိုအပ်ပါတယ်။ ဘာမြူဒါနဲ့ ကေမန်ကျွန်းစုတွေရဲ့ အာဏာပိုင်တွေအနေနဲ့ ယူကေဒဏ်ခတ်ပိတ်ဆို့မှုတွေကို အသက်ဝင်အောင် လုပ်ဆောင်ရမှာဖြစ်ပါတယ်။ ဒီကုမ္ပဏီတွေကို အပြည့်အဝစုံစမ်းစစ်ဆေးရမှာဖြစ်ပြီး၊ တရားမဝင်စစ်အုပ်စုကို မိမိတို့နယ်မြေများအတွင်း စီးပွားရေးလုပ်ဆောင်နေတာတွေကို ရပ်တန့်ရမှာ ဖြစ်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article