31 C
Yangon

မြန်မာစစ်အုပ်စုက ဒေါ်လာ ၃ သန်း သုံး၍ အမေရိကန် လော်ဘီကုမ္ပဏီတချို့ ငှားရမ်းဝါဒဖြန့်လာမှုကို ဆန့်ကျင်ရန် မြန်မာအသိုင်းအဝိုင်းနှင့် မဟာမိတ်အဖွဲ့ ၁၀၀ ကျော်က အမေရိကန်ကွန်ကရက်သို့ တရားဝင်စာပေးပို့

Must read

ရန်ကုန်၊ နိုဝင်ဘာ ၄

အမေရိကန်ပြည်ထောင်စု အခြေစိုက် မြန်မာအသိုင်းအဝိုင်း အဖွဲ့အစည်းများနှင့် မဟာမိတ် အဖွဲ့အစည်းပေါင်း ၁၀၀ ကျော်က မြန်မာစစ်အာဏာသိမ်းအဖွဲ့၏ အမေရိကန် လော်ဘီငှားရမ်းဝါဒဖြန့်ရန် ကြိုးပမ်းခြင်းကို အမေရိကန်ကွန်ကရက်က ဆန့်ကျင်ပေးရန် တရားဝင်စာရေးသားပေးပို့ တောင်းဆိုလိုက်ကြသည်။

မြန်မာစစ်တပ်က အမေရိကန် လော်ဘီများကို ငှားရမ်းဝါဒဖြန့်ရန် ကြိုးပမ်းလာမှုကို အဓိကထား ကန့်ကွက်ကြကြောင်း၊ အမေရိကန်ဒေါ်လာ ၃ သန်းကျော်အသုံးပြု၍ လော်ဘီငှားရမ်းမှုကို ဆန့်ကျင်ရန် အမေရိကန် ကွန်ဂရက်သို့ တောင်းဆိုသည့် အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့ကြောင်း အမေရိကန်အခြေစိုက် မြန်မာ့အဖွဲ့အစည်းများမှ တာဝန်ရှိသူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

အဆိုပါ အိတ်ဖွင့်ပေးစာကို အောက်တိုဘာ ၂၈ ရက်စွဲဖြင့် အမေရိကန် အထက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေး ကော်မတီ နှင့် အောက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီ တို့ထံသို့ လိပ်မူပေးပို့ခဲ့သည်ဟု သိရှိရသည်။

အမေရိကန်ကွန်ကရက်သို့ ပေးပို့သည့် အိတ်ဖွင့်ပေးစာတွင် အကြမ်းဖက်စစ်အုပ်စုက လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ထားမှုနှင့် တရားမဝင်သော ပုံရိပ်ကို အဖတ်ဆယ်နိုင်ရန်နှင့် လိမ်လည်လှည့်ဖြားသည့် ရွေးကောက်ပွဲကို အမေရိကန် အကျိုးစီးပွားအတွက်ဟု မှားယွင်းစွာ အကြောင်းပြရန် အမေရိကန်အခြေစိုက် လော်ဘီကုမ္ပဏီများကို အမေရိကန်ဒေါ်လာ ၃ သန်းခန့် အသုံးပြု၍ ငှားရမ်းခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါ လုပ်ဆောင်ချက်အပေါ် မြန်မာအသိုင်းအဝိုင်းနှင့် မဟာမိတ်များက များစွာ စိုးရိမ်ပူပန်လျက်ရှိသည်။

ထို့ပြင် အကြမ်းဖက်စစ်အုပ်စုသည် ရွေးကောက်ပွဲကို ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးအတွက် တည်ငြိမ်သော ပတ်ဝန်းကျင်ကို ပြန်လည် ဖန်တီးပေးနိုင်မည်ဟူသော မှားယွင်းသော ဇာတ်လမ်းကို ဖြန့်ဝေနေကြောင်း၊ လက်တွေ့တွင်မူ စစ်တပ်သည်သာ နိုင်ငံတွင်း တည်ငြိမ်မှုမရှိခြင်းနှင့် စီးပွားရေး ပျက်ယွင်းခြင်းတို့၏ အကြီးမားဆုံးသော တစ်ခုတည်းသော အရင်းအမြစ် ဖြစ်ကြောင်း၊ အကြမ်းဖက် အာဏာသိမ်းအဖွဲ့သည် ပြည်သူများ၏ ခုခံတော်လှန်မှုကြောင့် နိုင်ငံ၏ နယ်မြေ ၁၅ ရာခိုင်နှုန်းကျော်ကိုသာ ထိန်းချုပ်ထားနိုင်သည့်အတွက် ရွေးကောက်ပွဲသည်လည်း ကြီးမားသော ကျရှုံးမှု တစ်ခု ထပ်မံ ဖြစ်ပေါ်လာမည်ဖြစ်သည့်အပြင် ရွေးကောက်ပွဲကို အသုံးချ၍ စစ်အုပ်ချုပ်ရေး အခိုင်အမာတည်ဆောက်ရန်သာ ရည်ရွယ်ထား၍ နိုင်ငံအဝန်း အကြမ်းဖက်မှုများသာ ပိုမို ဖြစ်ပွားစေမည်ဖြစ်ကြောင်း အိတ်ဖွင့်ပေးစာတွင် ဖော်ပြထားသည်။

ထို့ပြင် အကြမ်းဖက်စစ်တပ် ငှားရမ်းထားသည့် လော်ဘီသမားများက မြန်မာနိုင်ငံ၏ ရှားပါးမြေ သယံဇာတများ ရရှိရေး ကတိပြုနေခြင်းသည်လည်း “အနှစ်သာရမရှိ” ကြောင်း၊ အဆိုပါ သယံဇာတများသည် ခုခံတော်လှန်ရေး တပ်ဖွဲ့များ ထိန်းချုပ်ထားသော နယ်စပ်ဒေသများတွင် ရှိနေပြီး၊ စစ်အုပ်စုက သတ္တုတွင်းများနှင့် သယ်ယူပို့ဆောင်ရေး လမ်းကြောင်းများကို မထိန်းချုပ်နိုင်ကြောင်း ၊ အကြမ်းဖက်စစ်အုပ်စုမှာ ရုရှားနှင့် တရုတ်နိုင်ငံတို့ထံမှ စစ်ရေး၊ ဘဏ္ဍာရေးနှင့် သံတမန်ရေး အကာအကွယ်များကို မှီခိုနေရသည်ကို အိတ်ဖွင့်ပေးစာတွင် ထောက်ပြထားကာ အာဏာသိမ်းအဖွဲ့ကို ထောက်ခံခြင်းသည် မြန်မာနိုင်ငံအပေါ် တရုတ်၏ သြဇာလွှမ်းမိုးမှုကို ပိုမိုခိုင်မာစေမည် ဖြစ်ကြောင်း သတိပေးထားသည်။

ထို့ကြောင့် အမေရိကန် ကွန်ဂရက် အနေဖြင့် အာဏာသိမ်းအဖွဲ့၏ ဝါဒဖြန့်ချိမှုများနှင့် လော်ဘီကြိုးပမ်းမှုများကို ပြတ်ပြတ်သားသား ပယ်ချရန်နှင့် BURMA Act အပါအဝင် မကြာသေးမီက အတည်ပြုထားသည့် BRAVE Burma Act နှင့် အခြား ဥပဒေကြမ်းများမှ မူဝါဒများကို ဆက်လက် ထောက်ခံရန် အိတ်ဖွင့်ပေးစာတွင် တိုက်တွန်းထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article