ကိုယ်ပိုင်ကျောင်းနှင့် ပုဂ္ဂလိကကျောင်းများတွင် CDM ကျောင်းဆရာ၊ ဆရာမ များကို ခန့်ထားခြင်း မပြုလုပ်ရန် အကြမ်းဖက် စစ်ကောင်စီ လက်အောက်ခံ ပညာရေး ဝန်ကြီးဌာနက ညွှန်ကြားချက် ထုတ်ပြန်ထားကြောင်း ပညာရေး ဝန်ကြီးဌာန သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
စက်တင်ဘာလ ၂၄ ရက်နေ့နှင့် ၂၅ ရက်နေ့တို့တွင် ကျင်းပပြုလုပ်ခဲ့သော ကိုယ်ပိုင် (သို့မဟုတ်) ပုဂ္ဂလိကကျောင်းကြီးကြပ်ရေး အဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် အထက်ပါ ဆုံးဖြတ်ချက်ကို ထည့်သွင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ အစည်းအဝေး ဆုံးဖြတ်ချက်တွင် ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းများတွင် Disloyalty Civil Servant သစ္စာဖောက်ဝန်ထမ်းများကို ခန့်ထားခြင်း မပြုရန် အကြမ်းဖက် စစ်ကောင်စီ လက်အောက်ခံ ပညာရေး ဝန်ကြီးဌာနက ညွှန်ကြားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ထို့ပြင် ပုဂ္ဂလိက ပညာရေး ဥပဒေ နှင့် ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်း ကြီးကြပ်ရေးအဖွဲ့ ၏ အမိန့်ကြော်ငြာစာများကိုလည်း တိကျစွာ လိုက်နာကြရန်လည်း အစည်းအဝေး ဆုံးဖြတ်ချက်တွင် ထည့်သွင်းထားကြောင်း သိရှိရသည်။
“စစ်ခွေးတွေက CDM ကျောင်းဆရာ၊ ဆရာမ တွေကိုပါ ဖိအားပေး ခြိမ်းခြောက်ဖို့လားမသိဘူး။ အခု ကိုယ်ပိုင်ကျောင်းနဲ့ ပုဂ္ဂလိကကျောင်းတွေမှာ CDM ကျောင်းဆရာ၊ ဆရာမ များကို ခန့်ထားခြင်း မပြုလုပ်ဖို့ဆိုပြီး ဝန်ကြီးဌာနက ညွှန်ကြားချက် ထွက်လာတယ်။ ကျောင်းတွေကို ဝင်ရောက် စစ်ဆေးတာတွေ လုပ်ဆောင်မလားတော့ မသိဘူး” ဟု ပညာရေး ဝန်ကြီးဌာန သတင်းရင်းမြစ်က ပြောဆိုသည်။
အကြမ်းဖက် စစ်ကောင်စီသည် ၂၀၂၄ ခုနှစ် ဇူလိုင်လ ၁၂ ရက်နေ့တွင် အကြောင်းအမျိုးမျိုးကြောင့် ခွင့်ပြုချက်မရရှိဘဲ လုပ်ငန်းခွင် စွန့်ခွာသွားသည့် ဌာနဆိုင်ရာအသီးသီးမှ ဝန်ထမ်းများကို အမည်မည်းစာရင်း (Black Lists) မှ ပယ်ဖျက်ပေးမည်ဟု ကြေညာခဲ့သော်လည်း DCS သစ္စာဖောက် ဝန်ထမ်းများဟု လက်ရှိချိန်ထိ သုံးနှုန်းကာ ဖမ်းဆီးမှု လုပ်ဆောင်နေဆဲဖြစ်ကြောင်း သိရသည်။





