ရန်ကုန်၊ ဧပြီ ၁၆
မွန်ပြည်နယ်၊ မကွေးတိုင်းနှင့် မန္တလေးတိုင်းတို့တွင် အကြမ်းဖက်စစ်ကောင်စီနှင့် လက် အောက်ခံအဖွဲ့များက သင်္ကြန်ကာလအတွင်း၌ပင် လူငယ်များကို ပေါ်တာဆွဲဖမ်းဆီးခြင်း၊ ငွေကြေးအတင်းအဓမ္မကောက်ခံခြင်းနှင့် ကျေးရွာများကို အကြမ်းဖက်ခြင်းများ လုပ် ဆောင်နေကြောင်း ဒေသတွင်းသတင်းရင်းမြစ်များထံမှ သိရသည်။
မွန်ပြည်နယ်၊ ရေးမြို့ပေါ်တွင် ယမန်နေ့ ဧပြီလ ၁၅ ရက်နေ့ သင်္ကြန်အကြတ်နေ့ ရေကစားနေသည့် လူငယ် ၄ ဦးကို စစ်ကောင်စီတပ်က ပေါ်တာဆွဲဖမ်းဆီးသွားကြောင်း ရေးဘီလူးတပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက အတည်ပြုသည်။
ဖမ်းဆီးခံရသူများမှာ ရေးမြို့ပေါ်တွင် နေထိုင်သည့် လူလတ်ပိုင်းအရွယ် အမျိုးသားများဖြစ်ကြပြီး လက်ရှိတွင် တပ်ရင်းတစ်ခုအတွင်း ချုပ်နှောင်ခံထားရကြောင်း၊ ၎င်းတို့ကို မိသားစုနှင့် တွေ့ဆုံခွင့်မပေးဘဲ သတင်းအစအန ဖျောက်ထားသည့်အပြင်၊ လမ်းသွားလမ်းလာ အမျိုးသမီး ၂ ဦးထံမှ လက်ကိုင်ဖုန်းများကိုလည်း စစ်ကောင်စီတပ်သားများက အဓမ္မလုယူသွားခဲ့ကြောင်း သိရှိရသည်။
” စစ်ခွေးတွေက ရေးမြို့ပေါ်ရှိ သင်္ကြန်ရေကစားသူ လူငယ် ၄ ဦးကို စစ်ခွေးတွေက ပေါ်တာဆွဲဖမ်းဆီးသွားတယ်။ စစ်ခွေးတွေက အမျိုးသမီး ၂ ဦးဆီကနေ ဖုန်း ၂လုံးကိုလည်း သိမ်းဆည်းသွားတယ်။ စစ်ခွေးတွေ ဖမ်းဆီးသွားတဲ့ လူငယ် ၄ ဦးကိုတော့ ရေးမြို့ပေါ်ရှိ တပ်ရင်းထဲမှာ ဖမ်းဆီးထားတယ်။ဖမ်းဆီးထားသူများကို မိသားစုများနှင့် တွေ့ခွင့်မပေးဘူးလို့ သိရတယ် “ဟု ရေးဘီလူး တပ်ရင်းမှ တာဝန်ရှိသူက ပြောဆိုသည်။
အလားတူ မကွေးတိုင်း၊ စလင်းမြို့နယ်၊ ကန်ပြားကျေးရွာတွင် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ပျူစောထီးအဖွဲ့ဝင်များ ပူးပေါင်းကာ စစ်မှုထမ်းဥပဒေကို အသုံးချ၍ ငွေညှစ်မှုများ ပြုလုပ်နေသည်။
“စစ်မှုမထမ်းရအောင် လုပ်ပေးမည်” ဟု အကြောင်းပြကာ တစ်အိမ်လျှင် ငွေကျပ် နှစ်သောင်းစီ လိုက်လံကောက်ခံနေသဖြင့် ဒေသခံပြည်သူများ အခက်တွေ့နေရသည်။
အလားတူ မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စစ်ကောင်စီတပ်က အရပ်ဝတ်များဖြင့် စစ်ကြောင်းထိုးကာ လူငယ်များကို ပေါ်တာဆွဲခြင်း၊ နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းနှင့် ပစ္စည်းများ လုယက်ခြင်းများ လုပ်ဆောင်နေသည်။
စစ်ကောင်စီတပ်က ကျေးရွာလမ်းများနှင့် တောလမ်းများတွင် မိုင်းများထောင်ထားသဖြင့် ဒေသခံများမှာ အသက်အန္တရာယ် စိုးရိမ်နေရကြောင်း၊ မကြာသေးမီက လက်ဝဲရွာအနီးတွင် အလှူခံကားတစ်စီး မိုင်းနင်းမိရာ လူ ၂ ဦး နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးခဲ့ပြီး အခြားသူများစွာ ဒဏ်ရာရရှိခဲ့သည်။
စစ်တပ်က ညဘက်များတွင် သေနတ်ပစ်ဖောက်ခြင်းနှင့် ဗုံးဖောက်ခြင်းများ တမင်လုပ် ဆောင်နေသဖြင့် ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများ ထိတ်လန့်တုန်လှုပ်နေရသည်။
ညောင်ဦးမြို့နယ်အတွင်း မီးရှို့ခံရသည့် ကျေးရွာများနှင့် နေအိမ်များကို စစ်တပ်က ပြန် လည်ဆောက် လုပ်ခွင့်မပေးဘဲ ရွာပြင်တွင်သာ ထွက်အိပ်ခိုင်းသဖြင့် ပြည်သူများမှာ စားဝတ်နေရေးနှင့် နေထိုင်ရေး အတိဒုက္ခရောက်နေကြရသည်ဟု သိရှိရသည်။
“ညောင်ဦးမှာက သင်္ကြန်လည်း စစ်တပ်က ပေါ်တာဆွဲနေတယ်။ မြို့ပေါ်တက်လာသူမှန်သမျှကို စစ်ဆေးတယ်။ သူတို့ မသင်္ကာရင် ဖမ်းပြီး ပေါ်တာဆွဲတာ။ မချေမငံပြောရင် အဖမ်းခံရတာတွေများတယ်။ အဖမ်းခံရသူတွေကိုလည်း ငွေညှစ်တယ်။ စစ်ထဲမဝင်ချင်ရင် မိသားစုကို သိန်း ၅၀ နဲ့ လာရွေးဆိုတာတွေ လုပ်နေတာ။ စစ်တပ်ရော ပျူစောထီးရော လုပ်နေကြတာ” ဟု ညောင်ဦးမြို့မှ ဒေသသတင်းရင်းမြစ်က ရှင်းပြသည်။
အကြမ်းဖက်စစ်တပ်က ယခု ဧပြီလအတွင်းတွင် စစ်မှုထမ်းအပတ်စဉ် ၂၄ ကို ဖွင့်လှစ်မည် ဖြစ်သည်။




