30 C
Yangon

ကော့ကရိတ်မြို့နယ် မြောက်ပိုင်းကို စစ်တပ် စစ်ကြောင်းထိုးနေ၍ တိုက်ပွဲများ ဖြစ်ပွားနေ၊ စစ်တပ်က ကျေးရွာများကို ဒရုန်း၊ လက်နက်ကြီးများဖြင့် နေ့စဉ် ပစ်ခတ် ဖျက်ဆီးပြီး ပြည်သူပိုင် ပစ္စည်းများကိုလည်း ခိုးယူနေ

Must read

ရန်ကုန်၊ ဧပြီ ၁၆

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် မြောက်ပိုင်းကို အကြမ်းဖက် စစ်တပ် စစ်ကြောင်းထိုးနေ၍ တိုက်ပွဲများ ဖြစ်ပွားနေပြီး စစ်တပ်က ကျေးရွာများကို ဒရုန်း၊ လက်နက်ကြီးများဖြင့် နေ့စဉ် ပစ်ခတ် ဖျက်ဆီးကာ ပြည်သူပိုင် ပစ္စည်းများကိုလည်း ခိုးယူနေကြောင်း ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဧပြီလ ၁၃ ရက်နေ့မှ စတင်ပြီး အကြမ်းဖက် စစ်တပ်က ကော့ကရိတ်မြို့နယ် မြောက်ပိုင်းရှိ အောက်ဘိုတဲရွာ ၊ နောင်ကိုင်းရွာနှင့် မိဖာလဲရွာဘက်ကို စစ်ကြောင်းထိုးလာသောကြောင့် တော်လှန်ရေး တပ်ဖွဲ့များနှင့် တိုက်ပွဲများဖြစ်ပွားနေခြင်းဖြစ်ကြောင်း၊ ထိတွေ့တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ အထိနာသောကြောင့် စစ်ကြောင်းသည် ရှေ့ဆက် တိုးနိုင်ခြင်းမရှိသေးကြောင်း သိရသည်။

ထိုသို့ တိုက်ပွဲအတွင်း အထိနာနေသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ရှေ့ဆက်တိုးခြင်းမရှိတော့ဘဲ ပြည်သူများနေထိုင်သည့် ကျေးရွာများကို ဒရုန်း၊ လက်နက်ကြီးများဖြင့် နေ့စဉ် ပစ်ခတ် တိုက်ခိုက်နေခြင်းကြောင့် နေအိမ်များ ထိခိုက်ပျက်စီးမှုရှိကြောင်း၊ ထို့ပြင် ကော့ဖန်ရပ်ရွာ၊ နောင်မိရွာနှင့် ကော့သာစူးရွာရှိ ပြည်သူပိုင် နေအိမ်များမှ ပစ္စည်းများကိုလည်း အကြမ်းဖက် စစ်တပ်နှင့် DKBA ဗိုလ်ဘိ အဖွဲ့က စိတ်ကြိုက် ခိုးယူမှုများလည်း လုပ်ဆောင်နေကြောင်း သိရှိရသည်။

“ကော့ကရိတ်မြောက်ခြမ်းက ငြိမ်သွားလိုက် တိုက်ပွဲပြန်ဖြစ်လိုက်ပဲ သင်္ကြန်တွင်းမှာ စစ်ခွေးတွေ အင်အားစုပြီး စစ်ကြောင်းထိုးလာလို့ အောက်ဘိုတဲရွာ ၊ နောင်ကိုင်းရွာနဲ့ မိဖာလဲရွာဘက်မှာ တိုက်ပွဲတွေဖြစ်တာတော့ရှိတယ်။ တော်လှန်ရေးတပ်ဖွဲ့တွေကလည်း စစ်ခွေးစစ်ကြောင်းတွေ တက်မလာနိုင်အောင် ခုခံနေတော့ ခွေးတွေအထိနာပြီး ရှေ့ဆက်မတိုးနိုင်ဘူး။ စစ်ခွေးတွေက နေ့တိုင်းနီးပါးကို ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ရွာတွေထဲကို ပစ်ထည့်လို့ နေအိမ်တွေ ပျက်စီးတာတော့ရှိတယ်” ဟု ဒေသသတင်ရင်းမြစ်က ပြောဆိုသည်။

ကော့ရိတ်မြို့နယ်မြောက်ပိုင်းတွင် အကြမ်းဖက် စစ်တပ်က မတ်လ ၁ ရက်နေ့မှ စတင်ပြီး ကျုံဒိုး-ကော့ကရိတ် လမ်းပိုင်းကို အပြည့်အဝ ထိန်းချုပ်နိုင်ရန်အတွက် ဒေါနတောင်ဘက်ရှိ အောက်ဘိုတဲအနီးကို လက်နက်ကြီး၊ ဒရုန်း၊ လေယာဉ်များဖြင့် ဗုံးကျဲ ပစ်ခတ်၍ စစ်ကြောင်းထိုးလာခြင်းဖြစ်ကြောင်း၊ သို့သော် တော်လှန်ရေးတပ်ဖွဲ့များက အကြိမ်ကြိမ် ခုခံ တိုက်ခိုက်နေခြင်းကြောင့် ရှေ့ဆက်တိုးနိုင်ခြင်းမရှိဘဲ ပြန်လည် ဆုတ်ခွာနေရကာ ယခု ဧပြီလပိုင်းတွင် ထပ်မံ စစ်ကြောင်းထိုးလာခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article