35 C
Yangon

ဘုတ်ပြင်းတွင် စစ်မှုမထမ်းလိုသည့် လူငယ်ကို ပျူစောထီးက ရိုက်သတ်လိုက်ပြီး အမှုပိတ်ရန် စစ်တပ်မှ ဗိုလ်မှူး ရဲလင်းဦးနှင့် ကြံ့ဖွတ်အမတ်အောင်လင်းလှိုင်တို့ ဖိအားပေး

Must read

ရန်ကုန်၊ ဧပြီ ၂၂

တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ်တွင် စစ်မှုထမ်းရန် ငြင်းဆန်သည့် အသက် ၃၁ နှစ်အရွယ် လူငယ်တစ်ဦးအား ပျူစောထီးအဖွဲ့ဝင်တစ်ဦးက ရိုက်နှက်သတ်ဖြတ်ခဲ့သည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့သည်။

အဆိုပါ လူသတ်မှုကို ဖုံးကွယ်ရန်အတွက် မြို့နယ်စီမံကောင်စီအဖွဲ့ဝင် ဗိုလ်မှူးနှင့် ကြံ့ခိုင်ရေးပါတီ အမတ်တို့က သေဆုံးသူ၏ မိသားစုအား အမှုပိတ်ပေးရန် ဖိအားပေး ခြိမ်းခြောက်နေကြောင်း သိရသည်။

ဧပြီလ ၁၅ ရက်နေ့ (သင်္ကြန်အတက်နေ့) မွန်းလွဲပိုင်းတွင် ဘုတ်ပြင်းမြို့၊ ရွှေဘုံသာရပ်ကွက်၌ နေထိုင်သည့် အသက် ၃၁ နှစ်အရွယ် မောင်မျိုး နှင့် အသက် ၄၁ နှစ်အရွယ် ကိုညီညီ တို့အပါအဝင် သူငယ်ချင်းတစ်စုသည် အရက်သောက်စားကြရင်း အခြားအမျိုးသားတစ်ဦးနှင့် စကားများ ရန်ဖြစ်ခဲ့ကြသည်။ ထိုရန်ပွဲအတွင်း အမျိုးသားတစ်ဦး ဦးခေါင်းကွဲသွားခဲ့သဖြင့် မောင်မျိုးနှင့် ကိုညီညီတို့ကို ရဲစခန်းက လာရောက်ဖမ်းဆီးသွားခဲ့သည်။

၂ ရက်အကြာတွင် ဦးခေါင်းကွဲသွားသည့် အမျိုးသားဘက်က ဒဏ်ရာမပြင်းထန်သဖြင့် အမှုမဖွင့်လိုတော့ကြောင်း ပြောဆိုခဲ့သော်လည်း ရဲစခန်းက ၎င်းတို့အား ပြန်မလွှတ်ဘဲ ခမရ ၄၃၂ တပ်ရင်း အတွင်းသို့ တိုက်ရိုက် ပို့ဆောင်ခဲ့သည်။

မောင်မျိုးကို ဧပြီလ ၁၇ ရက်နေ့တွင် တပ်ထဲသို့ ပို့ဆောင်ခဲ့ခြင်းဖြစ်ပြီး၊ တပ်တွင်း၌ ရှိနေစဉ် “စစ်မှုမထမ်းလိုကြောင်း” ပြောဆိုခဲ့သည့်အတွက် ခမရ ၄၃၂ တပ်ရင်းလက်အောက်ခံ ပျူစောထီးအဖွဲ့ဝင် ဝင်းနိုင် နှင့် အဖွဲ့က မောင်မျိုးကို ဝိုင်းဝန်းရိုက်နှက်ခဲ့ကြသည်။

ဧပြီလ ၁၈ ရက်နေ့ နံနက်ပိုင်းတွင် မိသားစုဝင်များက လိုက်လံစုံစမ်းရာ ရွှေဘုံသာရပ်ကွက် အုပ်ချုပ်ရေးမှူး ခင်မောင်လွင်နှင့် ရာအိမ်မှူး မျိုးအောင်တို့က ငွေကျပ် သိန်း ၃၀ တောင်းယူကာ ညှိနှိုင်းပေးခဲ့သဖြင့် မောင်မျိုး ပြန်လည်လွတ်မြောက်လာခဲ့သည်။

သို့သော် ပြန်လွတ်လာချိန်တွင် မောင်မျိုး၏ မျက်နှာ၊ လက်နှင့် တစ်ကိုယ်လုံး၌ ဖူးယောင်ညိုမည်း ဒဏ်ရာများ ပြင်းထန်စွာ ရရှိနေသဖြင့် ဘုတ်ပြင်းဆေးရုံသို့ အရေးပေါ် ပို့ဆောင်ခဲ့ရသည်။ ဒဏ်ရာများမှာ အတွင်းကြေ ဒဏ်ရာများဖြစ်ပြီး အလွန်ပြင်းထန်သဖြင့် ထိုနေ့ညပိုင်းတွင်ပင် ဆေးရုံ၌ သေဆုံးသွားခဲ့ရသည်။

လက်ရှိတွင် လူသတ်မှု ကျူးလွန်သူ ပျူစောထီး ဝင်းနိုင်ကို ရဲစခန်းက ဖမ်းဆီးထားသော်လည်း ၎င်းတစ်ဦးတည်းကသာ ဝန်ခံထားသည့် ပုံစံမျိုး လုပ်ဆောင်နေသည်။

အခြားတစ်ဖက်တွင်လည်း ဘုတ်ပြင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးရဲလင်းဦး၊ ကြံ့ဖွတ်ပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အောင်လင်းလှိုင်တို့က သေဆုံးသူ မောင်မျိုး၏ မိဘများကို အမှုမဖွင့်ရန်နှင့် အမှုပိတ်ပေးရန် ပြင်းပြင်းထန်ထန် ဖိအားပေးနေကြောင်း သေဆုံးသူ မောင်မျိုး၏ မိတ်ဆွေများက ပြောဆိုသည်။

ငွေကျပ် သိန်း ၃၀ ယူဆောင်သွားသည့် အုပ်ချုပ်ရေးမှူး ဦးခင်မောင်လွင်နှင့် ရာအိမ်မှူး မျိုးအောင်တို့ကလည်း ၎င်းတို့ယူထားသည့် ငွေများကို ပြန်ပေးမည်ဟုဆိုကာ အမှုပိတ်ရန် ညှိနှိုင်းနေကြကြောင်း သိရှိရသည်။

ဓာတ်ပုံ- စစ်မှုထမ်းရန် ငြင်းဆန်နေသော မောင်မျိုးကို ပျူစောထီးက ရိုက်သတ်မှုအတွက် အမှုပိတ်ရန် သေဆုံးသူ မိသားစုကို ဖိအားပေးနေသော ဗိုလ်မှူး ရဲလင်းဦး။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article