35 C
Yangon

ဖားကန့်မြို့နယ်၊ လုံးခင်းရွာ Mai ဆေးရုံမှ ဆရာဝန်များ အပါအဝင် ပြည်သူ ၂၀ ကျော်ကို စစ်တပ်က ဝင်ရောက် ဖမ်းဆီးသွားပြီး အဆက်အသွယ် ပြတ်တောက်နေ

Must read

ရန်ကုန်၊ ဧပြီ ၂၂

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းရွာ Mai ဆေးရုံမှ ဆရာဝန်များ အပါအဝင် ပြည်သူ ၂၀ ကျော်ကို အကြမ်းဖက် စစ်တပ်က ဝင်ရောက် ဖမ်းဆီးသွားပြီး အဆက်အသွယ် ပြတ်တောက်နေကြောင်း ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဧပြီလ ၂၁ ရက်နေ့ ည ၁၀ နာရီကျော်ခန့်တွင် အကြမ်းဖက် စစ်တပ်က လုံးခင်းကျေးရွာအုပ်စု အတွင်းကို အင်အားအလုံးအရင်းဖြင့် ဝင်ရောက် စီးနင်းခဲ့ကြောင်း၊ ထိုသို့ စီးနင်းပြီးနောက် Mai ဆေးရုံမှ ဆရာဝန်များ အပါအဝင် ပြည်သူ ၂၀ ကျော်ကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်က ဖမ်းဆီးသွားသော ပြည်သူများကို မည်သည့် နေရာ၌ ဖမ်းဆီးထားသည်ကို လက်ရှိချိန်ထိ မသိရသေးဘဲ မိသားစုဝင်များနှင့်လည်း အဆက်အသွယ် ပြတ်တောက် နေကြောင်း သိရှိရသည်။

“မနေ့ကည ၁၀ နာရီကျော်လောက်က ဖမ်းသွားတာလို့ သိရတယ်။ စစ်ခွေးတွေနဲ့ ပြည်သူ့စစ်တွေက ရွာထဲကို အင်အားအလုံးအရင်းနဲ့ ဝင်ရောက်စီးနင်းပြီးဖမ်းတာလို့ သိရတယ်။ ဘယ်နေကို ဖမ်းသွားလဲဆိုတာကတော့ အတိအကျ မသိရသေးဘူး။ အခုထိလည်း အဆက်အသွယ် မရသေးဘူး။ ဖမ်းဆီးခံရတာက ဆရာဝန်တွေ အပါအဝင် လူဦးရေ ၂၀ ကျော်လောက်ရှိတယ်” ဟု ဒေသသတင်းအရင်းမြစ်က ပြောဆိုသည်။

အလားတူ ယမန်နေ့ ဧပြီလ ၂၁ ရက်နေ့ မွန်းလွဲပိုင်းကလည်း ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ အောင်ရာရွာအနီးတွင် ပြည်သူများထံမှ ဆက်ကြေးကောက်ပြီး အနုကြမ်းစီးနေသော အကြမ်းဖက် စစ်သားများကို KIA ပူးပေါင်းတပ်က ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၅ ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိကြောင်း သိရသည်။

ထို့ပြင် ဖားကန့်ဒေသအတွင်း အကြမ်းဖက် စစ်တပ်၏ စစ်ရေးလှုပ်ရှားနေမှုများကြောင့် ဖားကန့်-နန့်ယား-ကားမိုင်း လမ်းပိုင်းကြီးကို ဧပြီလ ၂၂ ရက် နေ့မှ စတင်ပြီး အများပြည်သူခရီးသွားလာခြင်း၊ ယာဉ်ကြီး၊ ယာဉ်ငယ်များ ဖြတ်သန်းသွားလာခြင်းကို ရက်အကန့် အသတ်မရှိ (ယာယီ) ပိတ်ပင်လိုက်ကြောင်း KIA အမှတ် ၆ တပ်ရင်းက ယနေ့ ဧပြီလ ၂၁ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ဧပြီလ ၁၄ ရက်နေ့ မွန်းလွဲပိုင်းကလည်း အကြမ်းဖက် စစ်တပ်က နှိပ်စက်သတ်ဖြတ်ထားသော ပြည်သူ ၄ ဦး၏ ရုပ်အလောင်းကို( မရှီကထောင်နှင့် စည်ပင် လမ်းဆုံရှိ ရွှေမြန်မာဆီဆိုင်အနီးတွင် အိမ်စီးကားဖြင့် လာရောက် စွန့်ပစ်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်သည် ဖားကန့်မြို့တွင် ၎င်တို့ သံသယရှိသူများကို လိုက်လံဖမ်းဆီးပြီး တပ်မကုန်း၌ ရိုက်နှက် နှိပ်စက်ကာ စစ်ဆေးရေး လုပ်ဆောင်ပြီး သေဆုံးသူများ၏ ရုပ်အလောင်းများကို လိုက်လံစွန့်ပစ်ခြင်းများ လုပ်ဆောင်နေခြင်းကြောင့် ပြည်သူများ စိုးရိမ်နေကြကြောင်း သိရသည်။

(စစ်​ကောင်စီတပ်က ၂၀၂၃ ဧပြီ ၂၆ ရက်က ဖားကန့်မြို့နယ်၊မဇွပ်ယန်နှင့် ဆန်ခါ ကျေးရွာ ၂ရွာ ပြည်သူများကိုစစ်​ကောင်စီတပ်က လူသားဒိုင်းအဖြစ်အသုံးပြုရန်ဖမ်းဆီးထားစဥ်။ ဓါတ်ပုံ- အောင်ဇော်မိုး)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article