30 C
Yangon

သံတောင်ကြီးမြို့နယ်၊ ဘုံတောင်ရွာသို့ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က လေယာဉ်များဖြင့် ဗုံးကျဲမှု ကလေးငယ်များအပါအဝင် ပြည်သူ ၁၂ ဦး သေဆုံး

Must read

ရန်ကုန်၊ ဧပြီ ၂၅

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့နယ်ခွဲအတွင်းရှိ ဘုံတောင်ကျေးရွာကို စစ်ကောင်စီမှ လေယာဉ် ၃ စီးဖြင့် အကြမ်းဖက်ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် ကလေးငယ်များအပါအဝင် ဒေသခံပြည်သူ ၁၂ ဦး သေဆုံးသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယမန်နေ့ ဧပြီလ ၂၄ ရက်နေ့တွင် ဘုံတောင်ကျေးရွာသို့ မည်သည့်တိုက်ပွဲမှ ဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီလေတပ်မှ တိုက်လေယာဉ် ၃ စီးဖြင့် ရုတ်တရက် ဗုံးကျဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း၊ အထူး သဖြင့် ကျေးရွာအတွင်း၌ ပြည်သူများက သန့်ရှင်းရေး လုပ်အားပေးလုပ်ဆောင်ရန် လူစုဝေးနေချိန်ပစ်မှတ်ထား၍ ဗုံးကျဲချသွားခြင်းဖြစ်ကြောင်း သိရှိရသည်။

“ဘာတိုက်ပွဲမှမရှိဘဲ ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူ ကလေးရော လူကြီးရော အပါအဝင် ၁၂ ယောက် သေဆုံးသွားပါတယ်။ လုပ်အားပေးလုပ်ဖို့ လူစုနေတဲ့နေရာကို ကျဲချသွားတာပါ။ မိန်းကလေးငယ်တစ်ဦးလည်း ခေါင်းပြတ်ပြီး သေဆုံးသွားတယ်”ဟု ဒေသသတင်းရင်းမြစ်က ပြောဆိုသည်။

စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၁၂ ဦးရှိသည့်အပြင် ပေါင်ရိုးကျိုးသွားသူတစ်ဦး အပါအဝင် ဒေသခံ ၃ ဦးလည်း ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း၊ ယနေ့ နံနက်ပိုင်းဒဏ်ရာရရှိသူ ၁ ဦးမှာ ထပ်မံသေဆုံးသွားကြောင်း၊ ကျေးရွာအတွင်းရှိ နေအိမ်အတော်များများ မီးလောင်ပျက်စီးခဲ့ရပြီး လက်ရှိအချိန်အထိ ကျေးရွာအတွင်း ပြည်သူများ ပြန်လည် မဝင်ရောက်ရဲသေးကြောင်း သိရှိရသည်။

“နေအိမ်တွေလည်း မီးလောင်ပျက်စီးသွားခဲ့ပါတယ်။ လက်ရှိ သေဆုံးသွားတဲ့ ရုပ်အလောင်းတွေကို အခုထိ ပြန်မယူရသေးရဲကြပါဘူး။ ရွာသူရွာသားတွေ၊ ကလေးတွေရော အကုန် စစ်ဘေးရှောင်နေရပါတယ်။ အခုလက်ရှိလည်း ရွာထဲကို ဘယ်သူမှ မပြန်လာရဲကြသေးဘူး”ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ရွာသူရွာသားများနှင့် ကလေးငယ်များအားလုံးသည် လက်ရှိတွင် အသက်ဘေးလွတ်ရာသို့ စစ်ဘေးရှောင်နေကြရပြီး အဆက်အသွယ်များလည်း ပြတ်တောက်နေကြောင်း၊ ယနေ့တွင်လည်း ကျေးရွာ၏ အောက်ဘက်ပိုင်း၌ တိုက်ပွဲအချို့ ဖြစ်ပွားနေသည်ဟု သတင်းများထွက်ပေါ်နေသဖြင့် ဘုံတောင်ရွာသားများမှာ ဘေးလွတ်ရာတွင် ခိုလှုံနေကြရပြီး အကူအညီများ အရေးပေါ်လိုအပ်နေကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article