ရန်ကုန်၊ မေ ၆
အကြမ်းဖက်စစ်တပ်က စစ်အာဏာသိမ်းပြီးနောက် မတရားဖမ်းဆီးထားသော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ခြွင်းချက်မရှိ ချက်ချင်း ပြန်လွှတ်ပေးရန် ဗြိတိန်နှင့်ဩစတြေးလျတို့က ထပ်မံတိုက် တွန်း တောင်းဆိုလိုက်ကြသည်။
ဒေါ်အောင်ဆန်းစုကြည်အား ထောင်မှနေအိမ်အကျယ်ချုပ်သို့ ပြောင်းရွှေ့လိုက်ကြောင်း ကြေညာချက်နှင့်ပတ်သက်၍ ယူကေနှင့် ဩစတြေးလျအစိုးရတို့က ၎င်းတို့၏ သဘောထားများကို ယနေ့တွင် အသီးသီးထုတ်ပြန်ခဲ့ကြပြီး အဆိုပါလုပ်ဆောင်ချက်သည် သူမအား ခြွင်းချက်မရှိ ပြန်လည်လွှတ်ပေးရေးအတွက် အခြေခံရမည်ဟု အလေးအနက် တိုက်တွန်းပြောကြားလိုက်ကြသည်။
ဗြိတိန်နိုင်ငံ၏ အင်ဒို-ပစိဖိတ်ရေးရာဝန်ကြီး Seema Malhotra က ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်သို့ ပြောင်းရွှေ့လိုက်ခြင်းကို ပထမဆုံးခြေလှမ်းတစ်ခုအနေဖြင့် ကြိုဆိုကြောင်း ၊ သို့သော်လည်း အဆိုပါလုပ်ဆောင်ချက်သည် သူမအား မည်သည့်ကန့်သတ်ချက်မျှမရှိဘဲ လွှတ်ပေးရန် ဦးတည်သည့် လမ်းကြောင်းပေါ်က ခြေလှမ်းတစ်ခုသာ ဖြစ်သင့်ကြောင်း ထောက်ပြသည်။
ဗြိတိန်ဝန်ကြီး Seema Malhotra က “ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးနဲ့ အဖက်ဖက်သော အခြေအနေတွေအပေါ် ကျွန်မတို့ စိုးရိမ်ပူပန်နေဆဲဖြစ်ပြီး အခြေအနေအမှန်ကို အမြန်ဆုံး အတည်ပြုချက်ရဖို့ စောင့်မျှော်နေပါတယ်။ ဒါ့အပြင် မတရားသဖြင့် ဖမ်းဆီးထိန်းသိမ်းခံထားရသူ အားလုံးကိုလည်း ပြန်လွှတ်ပေးဖို့ တောင်းဆိုပါတယ်” ဟု ဆိုသည်။
အလားတူပင် ဩစတြေးလျအစိုးရကလည်း ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းရွှေ့သည့်သတင်းများအပေါ် တုံ့ပြန်ရာတွင် သူမအနေဖြင့် မိသားစုနှင့် ပြန်လည်ဆက်သွယ်ခွင့်ရရှိရန်၊ ရှေ့နေများနှင့် တွေ့ဆုံခွင့်ရရှိရန်နှင့် လုံလောက်သည့် ကျန်းမာရေးစောင့်ရှောက်မှုများ ရရှိစေရန် မျှော်လင့်ကြောင်း ယနေ့ သတင်းထုတ်ပြန် သည်။
ဩစတြေးလျအစိုးရက ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ မတရားထိန်းသိမ်းခံထားရသူ အားလုံးကို ခြွင်းချက်မရှိ ပြန်လည်လွှတ်ပေးရန် ဆက်လက်တောင်းဆိုသွားမည်ဟု အတည်ပြုသည်။ ထို့ပြင် မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှုများ ရပ်တန့်ရန်၊ လူသားချင်းစာနာမှု အကူအညီများကို အဟန့်အတားမရှိ ပေးအပ်နိုင်ရန်နှင့် သက်ဆိုင်သူများအကြား အားလုံးပါဝင်နိုင်သည့် ဆွေးနွေးမှုများ ဖော်ဆောင်ရန်အတွက်လည်း ထပ်လောင်းတိုက်တွန်းထားသည်။
လက်ရှိတွင် နိုင်ငံတကာအသိုင်းအဝိုင်းက ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးနှင့် လွတ်လပ်ခွင့်အတွက် စိုးရိမ်ပူပန်မှုများ ရှိနေဆဲဖြစ်ပြီး စစ်တပ်အနေဖြင့် အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ခိုင်မာသည့် လုပ်ဆောင်ချက်များ ပြသရန် ဖိအားပေးလျက်ရှိသည်။




