ရန်ကုန်၊ မေ ၉
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်နှင့် ကနီမြို့နယ်တို့ရှိ ကျေးရွာများကို အကြမ်းဖက်စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အသေခံဒရုန်းများဖြင့် လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ရာ ဒေသပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယမန်နေ့ မေလ ၈ ရက်နေ့ ညနေ ၆ နာရီ ၃၄ မိနစ်နှင့် ညနေ ၆ နာရီ ၄၂ မိနစ်ခန့်တွင် ရွှေဘိုမြို့ပေါ်ရှိ လေ့ကျင့်ရေး ၈ တပ်ရင်းမှ လွှတ်တင်လိုက်သည့် အသေခံဒရုန်း (Suicide Drone) ၂ စီးဖြင့် ရွှေဘိုမြို့နယ် အနောက်တောင်ခြမ်းရှိ နေရာတစ်ခုကို ၂ ကြိမ်တိုင်တိုင် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ တိုက်ခိုက်မှုအတွင်း ပြည်သူများ ထိခိုက်ဒဏ်ရာရရှိမှုနှင့် နေအိမ်ပျက်စီးမှု အခြေအနေများကိုမူ အတည်မပြုနိုင်သေးကြောင်း သိရှိရသည်။
ဒေသပြည်သူတစ်ဦးက “စစ်ခွေးတွေ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်ခဲ့တာပါ။ စစ်ခွေးတွေ ၂ ကြိမ်တိုင်တိုင် တိုက်ခိုက်ခဲ့တာပါ။ ဗုံး ၂ လုံးကျဲသွားတာပါ။ ပြည်သူများ ထိခိုက်ဒဏ်ရာရတာမျိုးနဲ့ နေအိမ် ပျက်စီးတာမျိုးကို ကျွန်တော်တို့ ဆက်လက်စုံစမ်းဆဲပါ။ ရွှေဘိုခွေးခြံတွေကနေ suicide drone တွေ နေ့တိုင်းလွှတ်ပြီး AS လုပ်နေတယ်။ ပြည်သူများအနေဖြင့် စစ်ကြောင်းနဲ့ လေကြောင်း အန္တရာယ်တို့ကို သတိပြုနေထိုင်ဖို့ ပြောချင်ပါတယ်” ဟု ပြောဆိုသည်။
ထို့ပြင် ဧပြီလ ၂၁ ရက်နေ့ကလည်း ရွှေဘိုမြို့နယ် အနောက်ခြမ်း ဇင်ကြီးကုန်းပေါ်သို့ စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ အသက် ၅၀ အရွယ် အမျိုးသမီး ၁ ဦး ပွဲချင်းပြီး သေဆုံးခဲ့ပြီး၊ ပြည်သူ ၃ ဦး ဒဏ်ရာရကာ နေအိမ် ၁ လုံး ပျက်စီးခဲ့ဖူးကြောင်း သိရသည်။
အလားတူ ကနီမြို့နယ် အနောက်မြောက်ခြမ်းရှိ နေရာတစ်ခုကိုလည်း အနောက်မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ လွှတ်တင်လိုက်သော အသေခံဒရုန်း ၄ စီးဖြင့် မေလ ၈ ရက်နှင့် ၉ ရက်နေ့တို့တွင် ၂ ရက်ဆက်တိုက် တိုက်ခိုက်ခဲ့သည်။
” မေလ ၈ ရက်နေ့နဲ့ မေလ ၉ ရက်နေ့ စစ်ခွေးတွေက ကနီမြို့နယ် အနောက်ခြမ်း တစ်နေရာကို လေကြောင်းတိုက်ခိုက်ခဲ့တာပါ။ အထိအခိုက်တော့ ကျွန်တော်တို့ ဆက်လက်စုံစမ်းနေဆဲပါ။ ပြည်သူတွေ ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်နေရတယ်။ေ” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။
ကနီမြို့နယ်တွင် မေလ ၇ ရက်နေ့ကလည်း အကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာဖြင့် ဝင်းမနားဆေးရုံကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၁ ဦး သေဆုံးပြီး အဆောက်အအုံအချို့ ပျက်စီးခဲ့ကြောင်း သိရှိရသည်။ အဆိုပါ လေကြောင်းတိုက်ခိုက်မှုများကြောင့် ဒေသခံပြည်သူများသည် လက်ရှိတွင် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရပြီး စစ်ကောင်စီ၏ စစ်ကြောင်းနှင့် လေကြောင်းအန္တရာယ်ကို သတိပြုနေထိုင်နေကြရကြောင်း သိရသည်။
ဓာတ်ပုံ- အကြမ်းဖက်စစ်တပ်၏ စစ်ကြောင်းထိုးမှုများနှင့် ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ထွက်ပြေးတိမ်းရှောင်နေရသော ပြည်သူများ။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။)




