26.2 C
Yangon

မင်းတပ်မြို့ကို စစ်တပ်က ၂ ရက်အတွင်း လေကြောင်းတိုက်ခိုက်မှု ၁၁ ကြိမ် လုပ်ဆောင်ခဲ့ပြီး စစ်သုံ့ပန်း များ အပါအဝင် လူ ၄ ဦးသေဆုံးကာ နေအိမ်၊ ကားများ အပါအဝင် ပျက်စီးဆုံးရှုံးမှု များပြား

Must read

ရန်ကုန်၊ မေ ၁၃

ချင်းပြည်နယ်၊ မင်းတပ်မြို့ပေါ်နှင့် မြို့အနီးတစ်ဝိုက်ကို အကြမ်းဖက်စစ်ကောင်စီတပ်က မေလ ၁၁ ရက်နေ့မှ ၁၂ ရက်နေ့အတွင်း လေကြောင်းမှ အဆက်မပြတ် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်သုံ့ပန်းများအပါအဝင် လူ ၄ ဦး သေဆုံးပြီး နေအိမ်နှင့် အဆောက်အဦများစွာ ပျက်စီးဆုံးရှုံးခဲ့ကြောင်း ချင်းပြည်သူ့အစည်းအရုံး (CPO/CPA) က သတင်းထုတ်ပြန်သည်။

စစ်တပ်က မေလ ၁၁ ရက်နေ့ ည ၁၁ နာရီ ၄၅ မိနစ်ဝန်းကျင်တွင် မင်းတပ်မြို့ပေါ်ရှိ နေရာတစ်ခုကို ဂျက်တိုက်လေယာဉ်ဖြင့် ၂ ကြိမ်တိုင်တိုင် စတင်ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ ထို့နောက် မေလ ၁၂ ရက်နေ့တွင်လည်း မင်းတပ်မြို့ကို လေကြောင်းတိုက်ခိုက်မှုများ ထပ်မံပြုလုပ်ခဲ့ရာ နံနက် ၈ နာရီဝန်းကျင်တွင် ၂ ကြိမ်၊ မနက် ၁၁ နာရီဝန်းကျင်တွင် ၂ ကြိမ်နှင့် ညနေ ၆ နာရီ ၃၀ မိနစ်ဝန်းကျင်တွင် ၅ ကြိမ်တိတိ ပြုလုပ်ခဲ့သဖြင့် ၂ ရက်အတွင်း စုစုပေါင်း ၁၁ ကြိမ်အထိ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ပြင်းထန်သော လေကြောင်းတိုက်ခိုက်မှုများကြောင့် စစ်သုံ့ပန်းများအပါအဝင် စုစုပေါင်း ၄ ဦး သေဆုံးခဲ့ရပြီး အရပ်သားပြည်သူများ၏ နေအိမ် ၁၅ လုံးခန့်၊ အစိုးရရုံးဌာန အဆောက်အဦ ၁၀ ခုနှင့် မော်တော်ယာဉ် ၄ စီးတို့ ပျက်စီးဆုံးရှုံးခဲ့ရသည်။ ထို့အပြင် ထိခိုက်ဒဏ်ရာရရှိသူများလည်း ရှိခဲ့ကြောင်း သိရသည်။

ချင်းပြည်သူ့အစည်းအရုံးအနေဖြင့် လက်ရှိအချိန်တွင် စစ်ကောင်စီ၏ လေကြောင်းအန္တရာယ် ပိုမိုမြင့်တက်နေသဖြင့် ပြည်သူများအနေဖြင့် လူစုလူဝေးများ ရှောင်ရှားကြရန်နှင့် မိမိတို့၏ နေအိမ်၊ ဈေးဆိုင်များတွင် ဗုံးခိုကျင်း၊ ကတုတ်ကျင်းများ အဆင်သင့်ထားရှိကြရန် တိုက်တွန်းထားသည်။

ထို့ပြင် ထောက်လှမ်းရေးဒရုန်းများ၊ ကင်းထောက်လေယာဉ်များနှင့် လေကြောင်းသတင်းများကို အမြဲမပြတ် နားစွင့်ကာ သတိထားနေထိုင်ကြရန် နှိုးဆော်ထားသည်။

ချင်းတော်လှန်ရေး သတင်းရင်းမြစ်ကမူ စစ်တပ်က ချင်းတောင်တန်းဘက်သို့ စစ်အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးကြောင်း၊ လတ်တလော ချင်းတော်လှန်ရေးသတင်းရင်းမြစ်များ စုပေါင်း၍ အကြမ်းဖက်စစ် တပ်၏ ကျူးကျော်စစ်ကို ခုခံရန် ပြင်ဆင်နေကြောင်း ထုတ်ဖော်ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article