ရန်ကုန်၊ မေ ၁၅
မကွေးတိုင်း၊ ဂန့်ဂေါ်ခရိုင်၊ ဆောမြို့ကို အကြမ်းဖက်စစ်တပ်က အပြည့်အဝထိန်းချုပ် မြို့ပေါ်နေ လူ ငယ် ၂၀ ခန့်ကို ဖမ်းဆီးကာ ရခိုင်နှင့်ချင်းပြည်နယ်ဘက်သို့ ပို့ဆောင်မည့် ကုန်ပစ္စည်းများကို ပိတ်ဆို့ ထားကြောင်း ယောအလင်းတန်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြော ကြားသည်။
ယမန်နေ့ မေလ ၁၄ ရက် ညနေ ၅ နာရီခန့်က ဆောမြို့အတွင်း အင်အား ၃၅၀ ခန့်ဖြင့် ဝင်ရောက်လာ သော အကြမ်းဖက် စစ်တပ်က ဦးဖိုးလှိုင်ခန်း၊ မြောက်ကျောင်းဘုန်းကြီးကျောင်း နှင့် ရပ်တော်မူဘုရားကုန်း အပါအဝင် မြို့ အနီးပတ်ဝန်းကျင်နေရာများ၊ ပြည်သူများ၏ နေအိမ်များအ တွင်း၌ တပ်ဖြန့်နေရာယူထားကာ မြို့တွင်းရှိ အမျိုး သမီးမိန်းကလေးငယ်များ အပါဝင် လူငယ် ၂၀ ခန့် ကို ဖမ်းဆီးထားကြောင်း သိရသည်။
အဆိုပါ စစ်ကြောင်းသည် မေလ ၁၃ ရက်နေ့ကတည်းက လောင်းရှည်မြို့အခြေစိုက် ကပစ ၂၅ မှ ထွက်လာခြင်းဖြစ်ပြီး တပ်မ ၉၉ လက်အောက်ခံ ဗိုလ်မှူးကြီး မျိုးအောင် ဦးဆောင်သည့် စစ်ကြောင်း ဖြစ်ကြောင်း၊ ဆောမြို့သို့ စစ်ကြောင်းထိုးလာစဉ် လမ်းတလျှောက်ရှိ ကျေးရွာနေပြည်သူများကို လူ သားဒိုင်ကာအဖြစ် ဖမ်းဆီးခေါ် ဆောင်လာကာ ဆောမြို့အတွင်း ဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။
“အဓိကကတော့ ဈေးဆိုင်တွေလိုက်စစ်တယ်။ နေရာကောင်းတွေမှာ အဓိကနေရာယူထားတာ။ ရခိုင်နဲ့ချင်းကို လမ်းကြောင်းပိတ်ဆို့တဲ့သဘောပဲ။ ရေသန့်ဘူးတောင် အသယ် မခံ တော့ဘူး။ တစ်မြို့လုံးပိတ်ဆို့ထားတာ။ စစ်မရှောင်တဲ့ ပြည်သူတွေပိတ်မိနေတယ်။ တော်လှန်ရေး တပ်ဖွဲ့တွေ ပိတ်မိနေတာမရှိပါဘူး အဓိကကတော့ မြို့နေပြည်သူတွေပဲ။ကုန်သည်ပွဲစားတွေ အနေနဲ့ ဆောမြို့ကို လုံးဝ၊ လုံးဝ ဖြတ်သန်းသွားလာခြင်း မပြကြဖို့ လိုပါတယ်” ဟု ယောအလင်းတန်းမှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။
လက်ရှိအချိန်တွင် စစ်ကောင်စီတပ်သားများသည် ဆောမြို့အနီးပတ်ဝန်းကျင်ဒေသများကို ဒရုန်း များဖြင့် ကင်းထောက်ကာ ဗုံးကျဲတိုက်ခိုက်မှုများ လုပ်ဆောင်လက်ရှိပြီး ဆောမြိုနှင့် အနီးပတ်ဝန်း ကျင်ဒေသများရှိ မိဘပြည်သူများ အနေဖြင့် ဘေးလွတ်ရာနေရာများ၌ ပုန်းခိုနေထိုင်ကြပါရန်နှင့် အ ဆိုပါလမ်းပိုင်းအား အသုံးပြုသွားလာနေသော ကုန်သည်ပွဲစားများအနေဖြင့် လုံးဝ (လုံးဝ) ဖြတ်သန်း သွားခြင်းမပြုကြပါရန် တိုက်တွန်းသည်။
အလားတူ ချင်းပြည်နယ်၊ ဟားခါးမြို့နယ်တွင် စစ်တပ်က နယ်မြေစိုးမိုးရေးအတွက် စစ်ကြောင်းထိုးမှုများ လုပ် ဆောင်လျက်ရှိရာတွင် ယမန်နေ့ညပိုင်း ဟားခါးမြို့နယ်၊ ချွန်ကျူံးကျေးရွာ (Chuncung) ကို မီးရှို့ဖျက်ဆီးသွားကြောင်း ချင်းတော်လှန်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။
မေလ ၁၄ ရက်နေ့ ညသန်းခေါင်ယံအချိန် ချင်းပြည်နယ်၊ ချွန်ကျူူံး (Chuncung) ရွာတွင် ညအိပ်တပ်စွဲထားသည့် စစ်တပ်က ကျေးရွာအတွင်းရှိ နေအိမ် ၇ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးခြင်းကို ခံခဲ့ရသည့် အဆိုပါနေအိမ်များသည် ရွာလယ်ခေါင်တွင်ရှိသော နေအိမ်ကောင်းများဖြစ်ကြောင်း သိရှိရသည်။
“သူတို့က ဟားခါးမြို့နယ်ထဲမှာ ပတ်ပြီး စစ်ကြောင်းထိုးနေတာ။ ရွာတွေကို မီးရှို့တာက တိုက်ပွဲဖြစ်တာမရှိဘဲ မီးရှို့ဖျက်ဆီးတာပါ” ဟု ချင်းတော်လှန်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။
ချွန်ကျုံး (Chuncung) ကျေးရွာသည် ချင်းပြည်နယ်၊ ဟားခါးခရိုင်၊ ဟားခါးမြို့နယ်တွင် တည်ရှိပြီး ဖလမ်း-ဟားခါး ပြည်ထောင်စုလမ်းမကြီးပေါ်တွင် တည်ရှိသော ကျေးရွာတစ်ရွာ ဖြစ်ပြီး ဒေသပြည်သူ ၁၅၀၀ ဝန်းကျင်မှာ စစ်ဘေးရှောင် ထွက်ပြေးတိမ်းရှောင်နေရသည်။
ဓာတ်ပုံ- အကြမ်းဖက်စစ်တပ်က ပြည်သူများနေထိုင်သော ကျေးရွာနှင့်နေအိမ်များကို မီးတင်ရှို့ ဖျက်ဆီးနေစဉ်။ (ပုံအဟောင်းကိုအသုံးပြုထားပါသည်။)




