ရန်ကုန်၊ မေ ၁၅
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့ပေါ်ရှိ စံပြရပ်ကွက်ကို ယနေ့နံနက်ပိုင်းတွင် စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်ခဲ့သဖြင့် ပြည်သူ့နေအိမ် ၅ လုံးထက်မနည်း ထိခိုက်ပျက်စီးသွားကြောင်း ပုဏ္ဏားကျွန်းလူငယ်များအစည်းအရုံး (PYA) ထံမှ သိရသည်။
ယနေ့ မေလ ၁၅ ရက်နေ့ နံနက် ၉ နာရီခန့်အချိန် ပုဏ္ဏားကျွန်းမြို့ပေါ်၌ တစ်စုံတစ်ရာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက ဂျက်ဖိုက်တာစစ်လေယာဉ် ၂ စီးဖြင့် လာရောက်ကာ စံပြရပ်ကွက်အတွင်းသို့ ပေါင် ၂၀၀ နှင့် ပေါင် ၃၀၀ အမျိုးအစား ဗုံး ၂ လုံး ကျဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် ရပ်ကွက်အတွင်းရှိ ပြည်သူ့နေအိမ် ၅ လုံးထက်မနည်း ပျက်စီးခဲ့ရသော်လည်း ကံကောင်းထောက်မစွာဖြင့် ဒေသခံပြည်သူများ ထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ကြောင်း သိရသည်။
ပုဏ္ဏားကျွန်းလူငယ်များအစည်းအရုံး (PYA) မှ တာဝန်ရှိသူတစ်ဦးက “ပုဏ္ဏားကျွန်းမြို့ပေါ်မှာ တိုက်ပွဲဖြစ်တာမရှိဘူး။ ပုဏ္ဏားကျွန်းနဲ့ စစ်တွေအစပ်နားမှာပဲ စစ်မြေပြင်ဖြစ်နေတာ။ အခုလို စစ်ပွဲလည်းမရှိဘဲ အရပ်သားတွေသီး သန့်နေတဲ့ ရပ်ကွက်ကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား ဗုံးကျဲတာကတော့ စစ်ရာဇဝတ်မှုကို ပြောင်ပြောင် တင်း တင်း ကျူးလွန်တာ ဖြစ်ပါတယ်။ ပြည်သူတွေ မနေရဲအောင် ခြောက်လှန့်ရုံတင်မကဘဲ ကျန်ခဲ့တဲ့ အိုးအိမ်စည်းစိမ်တွေကိုပါ ဖျက်ဆီးတဲ့ တော်တော်လေး ဆိုးဝါးတဲ့လုပ်ရပ်ပါ” ဟု ပြောကြားသည်။
စစ်ကောင်စီတပ်သည် စစ်ရေးပစ်မှတ်မဟုတ်သည့် အရပ်သားပြည်သူများ၏ နေအိမ်များကို လေကြောင်းအင် အားသုံး၍ ဖျက် ဆီးတိုက်ခိုက်နေခြင်းအပေါ် ပုဏ္ဏားကျွန်းလူငယ်များအစည်းအရုံး (PYA) က ပြင်းထန်စွာ ကန့် ကွက်ရှုတ်ချထားသည်။
ထို့ပြင် စစ်ကောင်စီ၏ လူသားမျိုးနွယ်အပေါ် ကျူးလွန်နေသည့် စစ်ရာဇဝတ်မှုများကို နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် ထိရောက်စွာ အရေးယူပေးရန် အာရက္ခပြည်သူများကိုယ်စား တောင်းဆိုထားကြောင်း သိရှိရသည်။






