ရန်ကုန်၊ မေ ၁၅
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ မဲ့ဘောခီးရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် အမျိုးသမီး ၁ ဦး သေဆုံးပြီး ကလေးငယ်များ အပါအဝင် ပြည်သူ ၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
မေလ ၁၂ ရက်နေ့ ည ၁၁ နာရီခန့်တွင် ဘားအံမြို့နယ်၊ မဲ့ဘောခီးရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း၊ ထိုလေကြောင်း တိုက်ခိုက်မှု အတွင်း အမျိုးသမီး ၁ ဦး သေဆုံးပြီး ကလေးငယ်များ အပါအဝင် ပြည်သူ ၄ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ထိခိုက်ဒဏ်ရာရရှိသူများထဲတွင် အသက် ၄ နှစ်နှင့် ၆ နှစ်အရွယ် ကလေးငယ် ၂ ဦးလည်း ပါဝင်ပြီး ဒဏ်ရာအခြေအနေ မစိုးရိမ်ရကြောင်း၊ ထို့ပြင် လေကြောင်း တိုက်ခိုက်မှု အတွင်း နေအိမ်များလည်း ထိခိုက်ပျက်စီးမှုရှိကြောင်း သိရှိရသည်။
“မဲ့ဘောခီးရွာကို စစ်ခွေးတွေက တိုက်ပွဲဖြစ်ပွားတာမရှိဘဲနဲ့ ဗုံးကျဲ တိုက်ခိုက်သွားတာ ကျနော်တို့ သိရတာတော့ ပြည်သူ ၁ ဦးသေဆုံးပြီး ၄ ဦး ထိခိုက်ဒဏ်ရာရတယ်။ နေအိမ်တွေလည်း ပျက်စီးသွားတယ်။ ထိခိုက်ဒဏ်ရာရရသူတွေက မစိုးရိမ်ရဘူးလို့ သိရတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
အလားတူ ဧပြီလ ၂၇ ရက်နေ့ကလည်း ဘားအံမြို့နယ် ထီးကျော်ခီးရွာအနီးကို အကြမ်းဖက် စစ်တပ်က ၁၂၀ မမ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် အသက် ၈၈ နှစ်အရွယ် အမျိုးသမီး ဖီးသိန်းမေ လက်နက်ကြီးကျည်စထိမှန်ကာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။
ထို့ပြင် စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ထန်းတောကုန်းရွာ စာသင်ကျောင်းကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်း တိုက်ခိုက်ခဲ့ရာ စာသင်ကျောင်းဆောင်များ ပျက်စီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
မေလ ၁၄ ရက်နေ့တွင် အနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တက်လာသော Suicide Drone ၁ စီးက ချောင်းဦးမြို့နယ်၊ ထန်းတောကုန်းရွာ စာသင်ကျောင်းကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှုအတွင်း ပြည်သူများ ထိခိုက်မှုမရှိဘဲ ထန်းတောကုန်းရွာ စာသင်ကျောင်းဆောင်များ ပျက်စီးခဲ့ကြောင်း သိရှိရသည်။
“စစ်ခွေးတွေက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တိုက်ခိုက်သွားတာ ပြည်သူတွေ ထိခိုက်ဒဏ်ရာရတာမျိုးမရှိပါဘူး။ ထန်းတောကုန်းရွာ စာသင် ကျောင်းဆောင်တော့ ပျက်စီးသွားတယ်။ ပြည်သူများအနေဖြင့် စစ်ကြောင်းနှင့် လေကြောင်းအန္တရာယ်တို့ကို သတိပြုနေထိုင်ဖို့ပြောချင်ပါတယ်”ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
မေလ ၁၂ ရက်နေ့ကလည်း ချောင်းဦးမြို့နယ် ရှမ်းထူးကျေးရွာသို့ ချောင်းဦးမြို့ပေါ်ရှိ အထွေထွေ အုပ်ချုပ်ရေးရုံးတွင် တပ်စွဲထားသော စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီး ၅ လုံးဖြင့် ပြည်သူများနေထိုင်သော ကျေးရွာများသို့ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရှမ်းထူးကျေးရွာသူ အမျိုးသမီး ၁ ဦးသေဆုံးခဲ့သည်။





