ရန်ကုန်၊ မေ ၁၅
တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ် ခမရ ၄၀၉ တပ်ရင်းမှ ထွက်ပြေးလာသော စစ်မှုထမ်း တပ်သားသစ် ၁၀ ဦးကို အကြမ်းဖက် စစ်တပ်က လိုက်လံပစ်ခတ်ခြင်းကြောင့် ၃ ဦးသေဆုံးပြီး ၇ ဦးကို အရှင်ဖမ်းမိခဲ့ကြောင်း တပင်ရွှေထီးကိုကျိုက်ပြည်သူ့ကာကွယ်ရေးတပ်မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
မေလ ၁၃ ရက်နေ့တွင် ရေဖြူမြို့နယ် ခမရ ၄၀၉ တပ်ရင်းမှ အကြမ်းဖက် စစ်သားများ ရိုက်နှက် နှိပ်စက်မှုများကြောင့် စစ်မှုထမ်း တပ်သားသစ် ၁၀ ဦးသည် တပ်တွင်းမှ ထွက်ပြေးခဲ့ကြောင်း၊ ထိုသို့ ထွက်ပြေးသော စစ်မှုထမ်း တပ်သားသစ် ၁၀ ဦးကို စစ်တပ်ကင်းက လိုက်လံ ပစ်ခတ်ခြင်းကြောင့် ၃ ဦးမှာ သေဆုံးခဲ့ကြောင်း သိရသည်။
ထိုသို့ လိုက်လံပစ်ခတ်နေသည့်ကြားမှ အသက်ရှင်လျက် ထွက်ပြေးလွတ်မြောက်လာသော စစ်မှုထမ်း တပ်သားသစ် ၇ ဦးကို တပင်ရွှေထီးကိုကျိုက်ပြည်သူ့ကာကွယ်ရေးတပ်မှ ရဲဘော်များက အရှင်ဖမ်းဆီးရမိခဲ့ကြောင်း၊ ၎င်းစစ်မှုထမ်း ၇ ဦးသည် အပတ်စဉ် ၁၉ သင်တန်းဆင်းများဖြစ်ပြီး အကြမ်းဖက် စစ်တပ်၏ ပေါ်တာဆွဲ ဖမ်းဆီးခံရသူများဖြစ်ကြောင်း သိရှိရသည်။
ထို စစ်မှုထမ်း ၇ ဦးကို တပင်ရွှေထီးကိုကျိုက်ပြည်သူ့ကာကွယ်ရေးတပ်က ကောင်းမွန်စွာစောင့်ရှောက်ထားပြီး ကိုယ်ရေးအချက်အလက် အပြည့်အစုံ သိရှိနိုင်ရန် စစ်ဆေးမှုများ ဆက်လက် လုပ်ဆောင်နေကြောင်း၊ ယင်းသို့ စစ်ဆေးမှုများ လုပ်ဆောင်ပြီးပါက မည်သို့ ဆက်လက် လုပ်ဆောင်မည်ကို ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း သိရသည်။
“သူတို့ အကုန်လုံးက အပတ်စဥ် ၁၉ ၊ ခမရ ၄၀၉ တပ်ရင်းကနေ ပြေးလာကြတာ အကုန်လုံးက ပေါ်တာဆွဲ ဖမ်းဆီးခံရတဲ့ စစ်မှုထမ်း တပ်သားသစ်တွေပါ။ အလင်းဝင်လာတာမဟုတ်ဘဲနဲ့ စစ်ခွေးတွေ ရိုက်နှက်နှိပ်စက်တာတွေ မခံနိုင်လို့ ထွက်ပြေးလာတာလို့ သိရတယ်။ လက်နက်တော့မပါဘူး။ သူတို့ပြေးတာက ၁၀ ယောက်အဖွဲ ၃ ယောက်ကတော့ စစ်ခွေး ကင်းက လိုက်ပစ်လို့ သေဆုံးသွားတယ်လို့တော့ ထွက်ဆိုထားတယ်။ အဓိကကတေတာ့ စစ်ကောင်စီမှာ ပေါ်တာဆွဲခံရပြီး မတရားခံနေရတဲ့သူတွေရှိတာပဲကို ပြည်သူတွေ သိစေချင်တယ်။ အခုက သူတို့ကို စစ်ဆေးမှုတွေ ဆက်လက် လုပ်ဆောင်နေတုန်းပါပဲ” ဟု တပင်ရွှေထီးကိုကျိုက်ပြည်သူ့ကာကွယ်ရေးတပ်မှ တာဝန်ရှိသူက ပြောဆိုသည်။




