ရန်ကုန်၊ မေ ၁၈
ထိုင်းနိုင်ငံ၊ ပတ္တရားမြို့တွင် အသက် ၁၆ နှစ်အရွယ် ထိုင်းလူငယ်တစ်ဦးကို ဝိုင်းဝန်းရိုက်နှက်ကာ ၎င်းစီးလာသည့် ဖိနပ်ကို လုယူ တံထွေးဖြင့်ထွေး၍ အရှက်ခွဲစော်ကားခဲ့သည့် မြန်မာလူငယ်တစ်စုကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးရန်အပူတပြင်း လိုက်လံရှာဖွေလျက်ရှိကြောင်း ထိုင်းသတင်းများအရ သိရှိရသည်။
မေလ ၁၆ ရက်နေ့ ညသန်းခေါင်ကျော်အချိန် ထိုင်းနိုင်ငံ၊ ချွန်ပူရီခရိုင်၊ ဘန်လမွန် (Bang Lamung) မြို့နယ်၊ ဆူခွန်ဗစ် (Sukhumvit) လမ်းမပေါ်ရှိ ဝပ်ချောင်လုံ (Wat Chong Lom) ဘုန်းကြီးကျောင်းအနီးတွင် ထိုင်းလူငယ်က သူငယ်ချင်း ၂ ဦးနှင့်အတူ တောင်ပတ္တရားရှိ ဘာလီဟိုင်းဆိပ်ခံတံတား (Bali Hai Pier) အနီး စုဝေးနေသည့် မြန်မာလူငယ် ၁၀ ဦးခန့်ရှိသော အဖွဲ့တစ်ဖွဲ့နှင့် ပထမဆုံး စတင်တွေ့ဆုံခဲ့ခြင်း ဖြစ်ကြောင်း၊ ထိုသို့ တွေ့ဆုံစဉ် အဆိုပါ မြန်မာလူငယ်အဖွဲ့ထဲမှ တစ်ဦးက “ဘာလို့ ငါ့ကို လာကြည့်နေတာလဲ” ဟု အော်ဟစ်အော်ပြာလုပ်ခဲ့သဖြင့် ပြဿနာမဖြစ်စေရန်အတွက် ထိုင်းလူငယ်က ထိုနေရာမှ ချက်ချင်းဆိုင်ကယ်မောင်းနှင် ထွက်ခွာခဲ့ကြောင်း သိရှိရသည်။
သို့သော်လည်း အဆိုပါ မြန်မာလူငယ်အဖွဲ့သည် မော်တော်ဆိုင်ကယ် ၃ စီး၊ ၄ စီးခန့်ဖြင့် ထိုင်းလူငယ်နောက်သို့ ၅ ကီလိုမီတာ (၃ မိုင်ခန့်) နီးပါးအထိ လိုက်လံမောင်းနှင် ပိတ်ဆို့ကာ လမ်းဘေးတွင် အတင်းအဓမ္မ ရပ်တန့်ခိုင်းခဲ့ကြောငး၊ ထိုသို့ ပိတ်ဆို့ခံရချိန်တွင် ၎င်း၏ သူငယ်ချင်းနှစ်ဦးမှာ လမ်းတစ်ဖက်သို့ ထွက်ပြေးလွတ်မြောက်သွားခဲ့သော်လည်း ၎င်းမှာမူ အဖမ်းခံခဲ့ရပြီး အဆိုပါအဖွဲ့၏ လက်သီးဖြင့်ထိုးခြင်း၊ ခြေထောက်ဖြင့် ကန်ခြင်းတို့ကို ပြင်းထန်စွာ ဆက်တိုက်ခံခဲ့ရကြောင်း သိရှိရသည်။
ထို့ပြင် မြန်မာလူငယ်များက ထိုင်းလူငယ်၏ မော်တော်ဆိုင်ကယ်ကို ရိုက်ခွဲဖျက်ဆီးခဲ့ကြပြီး ၎င်းစီးထားသည့် ဖိနပ်ကို လုယူခြင်း၊ ဂျာကင်အင်္ကျီကို ဆုတ်ဖြဲခြင်းနှင့် ၎င်းအပေါ်သို့ တံထွေးများဖြင့် ထွေးကာ စော်ကားပြီးမှ အခင်းဖြစ်ပွားရာနေရာမှ မောင်းနှင်ထွက်ပြေးသွားခဲ့ကြကြောင်း သိရှိရသည်။
အဆိုပါလုပ်ရပ်သည် မိမိအတွက် အလွန်ပင် အရှက်ရစော်ကားခံရသည့် ခံစားချက်မျိုး ဖြစ်စေခဲ့သည်ဟု ထိုင်းလူငယ်က ပြောဆိုသည်။
လက်ရှိတွင် ရိုက်နှက်ခံရသော ထိုင်းလူငယ်ဘက်မှ ဘန်လမွန်မြို့နယ် ရဲတပ်ဖွဲ့ထံသို့ တရားဝင် လာရောက်တိုင်ချက်ဖွင့် တိုင်ကြားထားပြီးဖြစ် ကြောင်း၊ စုံစမ်းစစ်ဆေးရေးအရာရှိများအနေဖြင့် အခင်းဖြစ်ပွားရာလမ်းတစ်လျှောက်ရှိ လုံခြုံရေးကင်မရာ (CCTV) မှတ်တမ်းများကို ပြန်လည်စိစစ်ကာ ပြစ်မှုကျူးလွန်သူများကို မည်သူမည်ဝါဖြစ်ကြောင်း အတည်ပြုနိုင်ရန်နှင့် ဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။




