28 C
Yangon

ပုလဲမြို့နယ်၊ မင်းတိုင်ပင်ရွာမှ ပြည်သူပိုင် တန်ဖိုးကြီးပစ္စည်းများကို စစ်တပ်နှင့် ပျူစောထီးများက ခိုးယူရောင်းစားနေ

Must read

ရန်ကုန်၊ မေ ၂၅

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အတွင်းရှိ ဒေသပြည်သူများ တစ်နှစ်နီးပါးကြာ စစ်ဘေးတိမ်းရှောင်နေရသည့် မင်းတိုင်ပင်ရွာမှ ပြည်သူပိုင် တန်ဖိုးကြီးပစ္စည်းများ အပါအဝင် နေအိမ်ပျဉ်ပြားများကိုပါ အကြမ်းဖက်စစ်တပ်က ခိုးယူရောင်းစားနေကြောင်း စစ်ဘေးရှောင်ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ ဇွန်လပိုင်းတွင် ကန့်ဒေါင့်ရဲစခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ပြီးနောက် အဆိုပါစခန်းမှ ထွက်ပြေးလာသည့် စစ်သားနှင့် ရဲများသည် မင်းတိုင်ပင်ကျေးရွာအတွင်းသို့ ဝင်ရောက်ကာ အထိုင်ချတပ်စွဲခဲ့သည်။ ထို့ကြောင့် ရွာသူရွာသားများမှာ နေရပ်စွန့်ခွာကာ ယနေ့အချိန်အထိ တစ်နှစ်နီးပါးခန့် ထွက်ပြေးတိမ်းရှောင်နေကြရခြင်း ဖြစ်သည်။

ထိုသို့ ပြည်သူများ စစ်ဘေးရှောင်နေစဉ်အတွင်း မင်းတိုင်ပင်ရွာ၌ တပ်စွဲထားသော စစ်သားများသည် ကျောက်ဖျာကန်ရွာမှ ပျူစောထီးများနှင့် ပူးပေါင်းကာ မင်းတိုင်ပင်ရွာရှိ ပြည်သူပိုင်နေအိမ်များမှ အိုးခွက်ပန်းကန်များ၊ အဖိုးတန်အသုံးအဆောင်ပစ္စည်းများ၊ နေအိမ်ပျဉ်ပြားများ၊ သံတံခါးများနှင့် သံပန်းများကိုပါမကျန် ခိုးထုတ်ကာ ရောင်းစားနေခြင်းဖြစ်ကြောင်း သိရသည်။

မင်းတိုင်ပင်ရွာမှ စစ်ဘေးရှောင်နေရသည့် ဒေသပြည်သူတစ်ဦးက “မင်းတိုင်ပင်ရွာကနေ နေရပ်ကိုစွန့်ခွာပြီး နေကြရတာ တစ်နှစ်ပြည့်တော့မယ်။ ကန့်ဒေါင့်ရဲစခန်းကို တော်လှန်ရေးအဖွဲ့တွေက သိမ်းပြီးနောက် ကန့်ဒေါင့်ရဲစခန်းက ရဲနှင့်စစ်ခွေးတွေက မင်းတိုင်ပင်ရွာမှာ တပ်ထိုင်ပြီးနေကြတော့ ရပ်ရွာပြည်သူလူထုက ထွက်ပြေးနေထိုင်ကြရတယ်။ မင်းတိုင်ပင်ရွာမှာ ကျန်ရှိနေတဲ့ နေအိမ်တွေက ရှိသမျှ အိုးခွက်ပန်းကန်ကအစ ရောင်းချလို့ရသမျှ ပစ္စည်းမှန်သမျှကို မင်းတိုင်ပင်မှာရှိတဲ့ စစ်ခွေးတွေ ပျုစောထီးတွေနဲ့ ကျောက်ဖျာကန်ရွာက ရွာသားတွေနဲ့ပေါင်းပြီး ခိုးထုတ်ကာ ရောင်းစားနေကြတယ်။ နေအိမ်က ပျဉ်တွေပါမချန် သံတံခါး သံပန်းအဆုံး ပျုရွာတွေက လာယူလိုက် အနီးအနားက ရွာတွေကလည်း မင်းတိုင်ပင်ရွာက စစ်ခွေးတွေပျုစောထီးတွေနဲ့ပေါင်းကာ ရှိသမျှ ခိုးထုတ်နေကြတာ ဘယ်သူကမှလည်း တားဆီးပေးနိုင်သူမရှိတော့ ကျနော်တို့ မင်းတိုင်ပင်ရွာဟာကြာလာရင် မြေပဲကျန်တော့မလားသိတော့ဘူး”ဟု ရှင်းလင်းပြောဆိုသည်။

ထို့ပြင် မင်းတိုင်ပင်ရွာ၏ မြောက်ဘက်ရှိ အိုင်းမကျေးရွာနှင့် အနောက်ဘက်ရှိ သပြေကုန်းကျေးရွာတို့မှ ပျူစောထီးအချို့သည်လည်း အကြမ်းဖက်စစ်တပ်နှင့် ပူးပေါင်းကာ ပြည်သူ့နေအိမ်များမှ ပစ္စည်းများကို ဝိုင်းဝန်းခိုးယူသယ်ဆောင်နေကြပြီး မင်းတိုင်ပင်ရွာ၊ အင်မထီးပျူရွာနှင့် ဇီးဖြူကုန်းပျူရွာများအတွက် လိုအပ်သည့် ရိက္ခာများကိုလည်း ကျောက်ဖျာကန်ရွာမှတစ်ဆင့် ကြားခံဝယ်ယူကာ ထောက်ပံ့ပေးခိုင်းနေခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် အကြမ်းဖက်စစ်တပ်နှင့် ပျူစောထီးများသည် မင်းတိုင်ပင်ကျေးရွာအတွင်းရှိ ပြည်သူပိုင်ပစ္စည်းများကို ခိုးထုတ်နေသည့်အပြင် အနီးနားရှိ ပျူစောထီးကျေးရွာများဖြစ်သော ဇီးဖြူကုန်းနှင့် အင်မထီးရွာများတွင်ပါ စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်နေသောကြောင့် ဒေသပြည်သူများမှာ နေရပ်ပြန်နိုင်ခြင်းမရှိဘဲ အသက်အန္တရာယ်အတွက် စိုးရိမ်ထိတ်လန့်နေရဆဲဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- စစ်တပ်က အညာဒေသမှ ကျေးရွာများကို မီးရှို့ဖျက်ဆီးနေစဉ်။ (ပုံအဟောင်းကို အသုံးပြုပါသည်။)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article