ရန်ကုန်၊ မေ ၂၈
မကွေးဖက်ဒရယ်ယူနစ်အတွင်း လတ်တလောဖြစ်ပေါ်နေသည့် စစ်ရေးအခြေအနေများကို စီမံကွပ်ကဲ၍ တန်ပြန်ဆောင်ရွက်မှုများ ဖော်ဆောင်နိုင်ရန်အလို့ငှာ ဒေသအခြေပြုနှင့် လူမျိုးစုအခြေပြု ကာကွယ်ရေးတပ်ဖွဲ့များ ပူး ပေါင်းဆောင်ရွက်ကြပါရန် မကွေးဖက်ဒရယ်ယူနစ် ကာကွယ်ရေးဝန်ကြီးဌာနက တရားဝင် ကြေညာ ဖိတ်ခေါ်လိုက်သည်။
ကြားကာလ မကွေးဖက်ဒရယ်ယူနစ်အစိုးရ၏ ထုတ်ပြန်ချက်အရ မကွေးဖက်ဒရယ်ယူနစ် ကာကွယ်ရေးတပ်ဖွဲ့ ဖွဲ့စည်းနိုင်ရေးဆိုင်ရာ လုပ်ငန်းစဉ်များကို မကွေးဖက်ဒရယ်ယူနစ် ကြားကာလအစီအမံဆိုင်ရာ ဥပဒေနှင့်အညီ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ မကွေးဖက်ဒရယ်ယူနစ် လွှတ်တော်တို့နှင့် ညှိနှိုင်းလျက်ရှိကြောင်း သိရသည်။
ထို့ကြောင့် စစ်ကြောင်းများ၌ ပူးပေါင်းဆောင်ရွက်မှု မပြုလုပ်ရသေးသည့် ဒေသတွင်းရှိ အခြားသော ဒေသအခြေ ပြု/လူမျိုးစုအခြေပြု ကာကွယ်ရေးတပ်ဖွဲ့များအနေဖြင့်လည်း ချိတ်ဆက်ပူးပေါင်းကြပါရန် ဆက်လက်ဖိတ်ခေါ်ထားသည်။
ကြားကာလ မကွေးဖက်ဒရယ်ယူနစ်အစိုးရ၏ ကွပ်ကဲမှုအောက်တွင် ပူးပေါင်းဆောင်ရွက်ရန် ဆန္ဒပြုထားကြသည့် ဒေသအခြေပြုကာကွယ်ရေးတပ်ဖွဲ့များကို စုစည်း၍ ကာကွယ်ရေးစစ်ကြောင်းများကို ယာယီစုဖွဲ့ကာ စစ်ရေးလှုပ်ရှားမှုများကို စတင်ကွပ်ကဲဖော်ဆောင်နေပြီဖြစ်ကြောင်း မေလ ၂၇ ရက်နေ့တွင် တရားဝင်ထုတ်ပြန်ထားသည်။
မကွေးအခြေစိုက် Southern တပ်ပေါင်းစုအနေဖြင့် “မကွေးဖက်ဒရယ်ယူနစ် စစ်ကြောင်း (၃)” အဖြစ် ယာယီစုဖွဲ့မှုတွင် ပါဝင်ရပ်တည်သွားမည်ဖြစ်ကြောင်း Southern တပ်ပေါင်းစုတာဝန်ခံ ကိုအောင်မောင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားခဲ့သည်.
Southern တပ်ပေါင်းစုတာဝန်ခံ ကိုအောင်မောင်းက “တော်လှန်ရေးရဲ့ အားက လက်နက်အပေါ်မှာပဲ မူတည်နေတာမဟုတ်ဘူး။ နိုင်ငံရေးရင့်ကျက်မှုတွေ၊ အဖွဲ့အစည်း စည်းကမ်းတွေ၊ ပြည်သူနဲ့ ယုံကြည်မှုတည်ဆောက်နိုင်တဲ့အပေါ်မှာလည်း တော်လှန်ရေး အောင်မြင်မှုက မူတည်နေပါတယ်။ အဲဒါကြောင့် Southern တပ်ပေါင်းစု အနေနဲ့ ပြည်သူလူထုကို အခြေခံတဲ့ တော်လှန်ရေးအင်အားစုတစ်ခုအဖြစ် ရပ်တည်ပြီး ပြည်သူကို အကာအကွယ်ပေးမယ့် တပ်ဖွဲ့၊ ပြည်သူကို လေးစားတဲ့တပ်ဖွဲ့ စည်းကမ်းနဲ့နိုင်ငံရေးခံယူချက်ရှိတဲ့ တပ်ဖွဲ့အဖြစ်ဖြစ်လာစေဖို့ ကျနော်တို့ ကြိုးပမ်းသွားမှာဖြစ်ပါတယ်။”ဟု ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
လက်ရှိတော်လှန်ရေးသည် လက်နက်ကိုင်လှုပ်ရှားမှုသက်သက်မဟုတ်ဘဲ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသစ်တည်ဆောက်ရေးအတွက် သမိုင်းအကူးအပြောင်းကာလဖြစ်သဖြင့်၊ မိမိတို့တပ်ပေါင်းစုအနေဖြင့် ပြည်သူ့ဆန္ဒကို အလေးထားကာ မကွေးဖက်ဒရယ်ယူနစ်အစိုးရ၏ မူဝါဒ၊ လမ်းညွှန်ချက်များနှင့်အညီ တာဝန်ယူမှုရှိစွာ ရပ်တည်သွားမည်ဟု ၎င်းက ဆိုသည်။
“တော်လှန်ရေးကာလအတွင်းမှ ပေးဆပ်ခဲ့ကြတဲ့ အာဇာနည်သူရဲကောင်းတွေ၊ တော်လှန်ရေး ရဲဘော်တွေ၊ ပြည်သူတွေရဲ့ယုံကြည်မှုကို မပျက်စေဖို့ ကျနော်တို့ Southern တပ်ပေါင်းစုအနေနဲ့ မကွေးဖက်ဒရယ်ယူနစ်အစိုးရအောက်မှာ တာဝန်ကျေပွန်စွာ၊ သစ္စာရှိစွာ၊ စည်းကမ်းရှိစွာနဲ့ဆက်လက် တိုက်ပွဲဝင်သွားမယ်လို့ ကတိပြုအပ်ပါတယ်။ တော်လှန်ရေးက လူတစ်စုရဲ့ အောင်မြင်မှုမဟုတ်ပါဘူး။ ပြည်သူတစ်ရပ်လုံးရဲ့ အောင်မြင်မှုပါ၊ ကျနော်တို့အောင်မြင်မှုတွေရတဲ့အချိန်အထိ နောက်မဆုတ်ပဲ အမြဲကြိုးစားသွားမှာဖြစ်ပါတယ်။”ဟု ကိုအောင်မောင်းက ရှင်းပြသည်။
ယခုကဲ့သို့ မကွေးဖက်ဒရယ်ယူနစ် ကာကွယ်ရေးစစ်ကြောင်းအဖြစ် ရပ်တည်ရခြင်းမှာ ကိုယ်ကျိုးစီးပွားနှင့် အာဏာ ချဲ့ထွင်ရန်အတွက်မဟုတ်ဘဲ ပြည်သူ့အာဏာ ပြန်လည်ရရှိရေး၊ ဖက်ဒရယ်ဒီမိုကရေစီစနစ် တည်ဆောက်ရေးနှင့် အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးတို့အတွက်သာဖြစ်ကြောင်း၊ တိုက်ပွဲများအတွင်း အဖွဲ့အစည်းများအကြား စည်းလုံးညီညွတ်မှုနှင့် စစ်ရေးကွပ်ကဲမှုစနစ် (Command and Coordination) များကို အလေးထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
Southern ရေစကြို (Yesagyo) တပ်ပေါင်းစုတွင် Southern YSO PDF၊ ဒေါင်းညီနောင်၊ Yesagyo Revolution Group (YRG)၊ ပြည်သူ့အားမာန် PDF၊ King Cobra၊ ဒေါင်းစစ်သည်၊ Golden Eagle Force၊ Ayeyarwaddy Revolution Forceတို့ပါဝင်သည်




