ရန်ကုန်၊ ဇွန် ၁၂
မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံ နယ်စပ်ကို ဆက်သွယ်ထားသော ကလေး-တမူး လမ်းပိုင်းကို စစ်တပ်က လေယာဉ်ဖြင့် ဆက်တိုက်ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၂ ဦး သေဆုံးခဲ့ကြောင်း ဒေသပြည်သူများနှင့် ဒေသစစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဇွန်လ ၉ ရက်နေ့ မွန်းလွဲပိုင်းတွင် ကလေး-တမူးလမ်းပိုင်းရှိ အရှေ့ခုံသာရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ ထိုဗုံးကျဲ တိုက်ခိုက်မှုအတွင်း ကျေးရွာအတွင်းမှ ထွက်ပြေးတိမ်းရှောင်ခြင်းမရှိသော ပြည်သူ ၂ ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိကြောင်း သိရသည်။
ထို့ပြင် အကြမ်းဖက် စစ်တပ်သည် ဇွန်လပိုင်းမှ စတင်၍ ကလေး ၊ တမူးနှင့် မော်လိုက်မြို့နယ် တို့တွင် စစ်အင်အားများ စုဖွဲ့ပြီး ကလေး-တမူးလမ်းပိုင်းကို အင်အား ၁၀၀၀ ခန့်ဖြင့် စစ်ကြောင်း ၃ ကြောင်းခွဲကာ ထိုးစစ်ဆင် တိုက်ခိုက်လာခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် ထိတွေ့ တိုက်ပွဲများသည် လက်ရှိချိန်ထိ လမ်းပိုင်းတောက်လျောက်တွင် ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ကြောင်း သိရှိရသည်။
စစ်တပ်၏ ထိုးစစ်ဆင် တိုက်ခိုက်မှုကြောင့် တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်ထားသော ကလေး-တမူးလမ်းပိုင်းမှ နေရာတချို့ကို စစ်တပ်က ပြန်လည် ထိန်းချုပ်နိုင်ခဲ့ကြောင်း၊ ထို တိုက်ပွဲများကြောင့် လမ်းပိုင်းရှိကျေးရွာများမှ ထောင်နှင့်ချီသော ပြည်သူများသည် ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရပြီး အိန္ဒိယနိုင်ငံဘက်မှ စစ်ရှောင်များကို လက်မခံ၍ ပြည်သူများ ပိုမိုခက်ခဲနေရကြောင်း သိရသည်။
“ကလေး-တမူးလမ်းပိုင်းက တိုက်ပွဲဆက်ရှိနေတုန်းပဲ ပြည်သူတွေလည်း အကုန်ရှောင်နေရတယ်။ အခုစစ်ကြောင်းက ၃ ကြောင်းခွဲပြီးလာတာ ကလေး၊ တမူးနဲ့ မော်လိုက်ဘက်ကနေလာနေတာ စစ်ခွေးတွေက အိန္ဒိယနဲ့ ကုန်သွယ်ရေးပြန်လုပ်ချင်နေတာပေါ့။ စစ်ခွေးမင်းအောင်လှိုင် အိန္ဒိယကပြန်လာပြီး သိပ်မကြာဘူး။ ကလေး-တမူးလမ်းပိုင်းမှာ စစ်ကြောင်းက တောက်လျောက်ကို ဝင်လာတာ အခုက တော်လှန်ရေးဘက်ကလည်း လက်လွှတ်လိုက်ရတဲ့ နေရာတွေရှိတယ်။ တိုက်ပွဲက ဆက်ရှိနေတုန်းဆိုတော့ စစ်ရေးအခြေအနေကတော့ ဆက်လက်စောင့်ကြည့်ရမယ့် အခြေအနေပါ။ နောက်ပြီး စစ်ရှောင်တွေကိုလည်း အိန္ဒိယက လက်မခံတော့ ပြည်သူတွေက အကူအညီ အရမ်းလိုအပ်နေပါတယ်” ဟု ဒေသစစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။
ဇွန်လ ၁၀ ရက်နေ့တွင်လည်း အကြမ်းဖက် စစ်တပ်က မြန်မာ – အိန္ဒိယ နှစ်နိုင်ငံ နယ်စပ် ကုန်သွယ်ရေးအတွက် အရေးပါသည့် လမ်းကြောင်းတစ်ခုဖြစ်သော ကလေး-တမူး လမ်းပိုင်းကို ပြန်လည်ထိန်းချုပ် ဖွင့်လှစ်ပေးနိုင်ရေးအတွက်လည်း ဆောင်ရွက်နေကြောင်း၊ ထိုလမ်းပိုင်းသည် မြန်မာနိုင်ငံအနောက်မြောက်ဘက်ဒေသကို အိန္ဒိယနိုင်ငံနှင့် ချိတ်ဆက်ပေးသည့် အရေးပါသော ကုန်းလမ်းဆက်သွယ်ရေးလမ်းကြောင်း တစ်ခုဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
ဓာတ်ပုံ – ကလေးမြို့နယ် အတွင်း စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့သော အဆောက်အဦးများ (ပုံအဟောင်းဖြစ်သည်)




