25.2 C
Yangon

ဘန်ကောက်တွင် မြန်မာအမျိုးသမီး မအိမွန်ထွေးကို ဓားဖြင့် ရက်စက်စွာ ထိုးသတ်ခဲ့သည့် တရားခံ မြန်မာနိုင်ငံသား ဟိန်းဇော်ဌေးကို ထိုင်းရဲတပ်ဖွဲ့ ဖမ်းဆီးရမိ

Must read

ရန်ကုန်၊ ဇွန် ၁၂ ရက်၊ ၂၀၂၆ ခုနှစ်

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ တိုက်ခန်းတစ်ခုတွင် တစ်ဦးတည်း ငှားရမ်းနေထိုင်သည့် အသက် ၃၅ နှစ်အရွယ် မြန်မာအမျိုးသမီး မအိမွန်ထွေးအား ဓားဒဏ်ရာ ၇ ချက်ဖြင့် ရက်ရက်စက်စက် သတ်ဖြတ်ပြီး ထွက်ပြေးတိမ်းရှောင်သွားသည့် တရားခံ မြန်မာနိုင်ငံသား ဟိန်းဇော်ဌေး (အသက် ၂၇ နှစ်) ကို ထိုင်းရဲတပ်ဖွဲ့က အောင်ပွဲခံအထိမ်းအမှတ်အဝိုင်း (Victory Monument) အနီးတွင် ယနေ့ ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။

မအိမွန်ထွေး အသတ်ခံရသည့်ဖြစ်စဉ်မှာ ဇွန်လ ၁၀ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် ဘန်ကောက်မြို့၊ ဘန်ခွန်ထီယန် (Bang Khun Thian) ခရိုင်၊ သာခမ်း (Tha Kham) ရပ်ကွက်ရှိ အဆောင်ခန်းအတွင်းမှ အနံ့ဆိုးများ ထွက်ပေါ်နေသဖြင့် အဆောင်ပိုင်ရှင်ဖြစ်သူက သွားရောက်ခေါ်ယူရာ တုံ့ပြန်မှုမရှိခြင်းကြောင့် ရဲတပ်ဖွဲ့ထံ အကြောင်းကြားခဲ့ရာမှ စတင်ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။

ရဲတပ်ဖွဲ့နှင့် မှုခင်းဆရာဝန်များက အဆိုပါ အခန်းကို ဖွင့်လှစ်စစ်ဆေးခဲ့ရာ အခန်းအတွင်း သွေးအိုင်ထဲတွင် မှောက်လျက် အနေအထားဖြင့် ပုပ်ပွစပြုနေသည့် မအိမွန်ထွေး၏ ရုပ်အလောင်းကို တွေ့ရှိခဲ့ရသည်။

ကနဦး ရုပ်အလောင်းစစ်ဆေးချက်များအရ သေဆုံးသူ၏ ခန္ဓာကိုယ်ညာဘက်အခြမ်း၊ လည်ပင်းနှင့် ရင်ဘတ်တို့တွင် ထိုးသွင်းဒဏ်ရာ စုစုပေါင်း ၇ ချက် တွေ့ရှိခဲ့ရသည်။ အခန်းအတွင်း၌လည်း ရုန်းကန်တိုက်ခိုက်ထားသည့် အထောက်အထားများနှင့် သံသယရှိသူ၏ ခြေရာများကို တွေ့ရှိခဲ့ရသည့်အပြင်၊ ရေချိုးခန်းအတွင်း၌ တရားခံ ချန်ထားခဲ့သည့် ဖိနပ်တစ်ဖက်နှင့် အမှုအထောက်အထား ဖျက်ဆီးရန် ကြိုးပမ်းထားသည့် သွေးစွန်းနေသော ကြမ်းတိုက်တံတစ်ချောင်းတို့ကိုပါ သက်သေခံပစ္စည်းအဖြစ် သိမ်းဆည်းရမိခဲ့သည်။

အဆောင်ပိုင်ရှင်၏ ပြောပြချက်အရ မအိမွန်ထွေးသည် တခြားသူများနှင့် သိပ်ပြီးရောရောနှောနှော နေထိုင်လေ့မရှိဘဲ တစ်ဦးတည်း အေးအေးဆေးဆေး နေတတ်သူဖြစ်ကြောင်း၊ ယခင်ကလည်း အခန်းအတွင်း ဖောက်ထွင်းခိုးယူခံရသည့် ဖြစ်စဉ်များ ကြုံတွေ့ခဲ့ဖူးပြီး ပထမအကြိမ်တွင် ထိုင်းဘတ် ၅,၀၀၀ ခန့်၊ ဒုတိယအကြိမ်တွင် ထိုင်းဘတ်ငွေ ၃,၀၀၀ မှ ၄,၀၀၀ ခန့် ခိုးယူခံခဲ့ရဖူးကြောင်း သိရသည်။

ယခု အသတ်ခံရသည့် ဖြစ်စဉ်တွင်လည်း သူမ၏ လက်ကိုင်ဖုန်း ၁ လုံးနှင့် ငွေသားအချို့ ထပ်မံပျောက် ဆုံးသွားခဲ့သည်။ မျက်မြင်သက်သေများ၏ ထွက်ဆိုချက်အရ မအိမွန်ထွေးကို ဇွန်လ ၈ ရက်နေ့ ညနေ ၆ နာရီခန့်တွင် နောက်ဆုံးအကြိမ် အသက်ရှင်လျက် တွေ့ရှိခဲ့ရခြင်း ဖြစ်သည်။

လူသတ်မှု ဖြစ်ပွားပြီးနောက် ထိုင်းရဲတပ်ဖွဲ့က အခင်းဖြစ်ပွားရာ ဝန်းကျင်ရှိ စီစီတီဗီ (CCTV) မှတ် တမ်းများကို အသေးစိတ် စစ်ဆေးခဲ့ရာမှ ပြစ်မှုကျူးလွန်သူမှာ အသက် ၂၇ နှစ်အရွယ် မြန်မာနိုင်ငံသား ဟိန်းဇော်ဌေး ဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့သဖြင့် ၎င်းနောက်သို့ တောက်လျှောက်ခြေရာခံ လိုက်လံဖမ်းဆီးခဲ့ကြခြင်းဖြစ်သည်။

ယနေ့ ဇွန်လ ၁၂ ရက်နေ့ ဘန်ကောက်မြို့ရှိ လူစည်ကားရာနေရာတစ်ခုဖြစ်သည့် အောင်ပွဲခံအထိမ်း အမှတ်အဝိုင်း (Victory Monument) အနီး၌ တရားခံ ဟိန်းဇော်ဌေးအား ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့သည်။

ရဲတပ်ဖွဲ့သည် ဖမ်းဆီးရမိသူ ဟိန်းဇော်ဌေးအား “လူသတ်မှု” ဖြင့် အမှုဖွင့်အရေးယူနိုင်ရန် Phaya Thai ရဲစခန်းသို့ ထิန်းသိမ်းပို့ဆောင်ခဲ့ပြီး မည်သည့်အကြောင်းရင်းကြောင့် ယခုကဲ့သို့ ရက်ရက် စက်စက် သတ်ဖြတ်ခဲ့ရသည်ဆိုသည့် ပြစ်မှုကျူးလွန်ရသည့် အကြောင်းအရင်း အသေးစိတ် သိရှိနိုင်ရန်အတွက် ဆက်လက်စစ်ဆေးလျက်ရှိကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article