ရန်ကုန်၊ ဇွန် ၁၇
မြန်မာ့အရေး အဓိက လေ့လာနေသော မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအဖွဲ့ (ISP-Myanmar) ၏ အမှုဆောင်ဒါရိုက်တာ ဦးမင်းဇင်ကို တရုတ်နိုင်ငံက မတရားဖမ်းဆီးထိန်း သိမ်းထားခြင်းအပေါ် အထူးစိုးရိမ်ပူပန်မိပြီး ၎င်းကို ချက်ချင်း ခြွင်းချက်မရှိ ပြန်လည်လွှတ် ပေးရန် ISP-Myanmar က ယနေ့ ဇွန်လ ၁၇ ရက်နေ့တွင် သဘောထားထုတ်ပြန်ချက်တစ်ရပ် ထုတ်ပြန်ကာ တောင်းဆိုလိုက်သည်။
ဦးမင်းဇင်သည် တရုတ်နိုင်ငံ၊ ကူမင်းမြို့သို့ ပညာရပ်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ (Academic Workshop) တစ်ခု တက်ရောက်ရန် သွားရောက်စဉ်အတွင်း ယခုကဲ့သို့ ဖမ်းဆီးထိန်းသိမ်းခြင်း ခံခဲ့ရခြင်း ဖြစ်သည်။
ISP-Myanmar ၏ ထုတ်ပြန်ချက်တွင် မိမိတို့အဖွဲ့အစည်းအပေါ် အခြေအမြစ်မရှိ စွပ် စွဲ ချက်များအားလုံးကို ပြတ်ပြတ်သားသား ငြင်းပယ်ကန့်ကွက်ကြောင်း ဖော်ပြထားပြီး၊ မိမိတို့သည် မည်သည့်နိုင်ငံရေးပါတီဝင်မှ မဟုတ်ဘဲ လွတ်လပ်သော အစိုးရမဟုတ်သည့် သု တေသနအဖွဲ့ (Think tank) တစ်ခုအဖြစ် ပြည်သူ့အကျိုးပြု လွတ်လပ်သော သုတေသနလုပ်ငန်းများနှင့် ခွဲခြမ်းစိတ်ဖြာမှုများကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဆိုသည်။
ထို့အပြင် ISP-Myanmar ကဲ့သို့သော ပညာရပ်ဆိုင်ရာနှင့် သုတေသနအဖွဲ့အစည်းများအနေ ဖြင့် မည်သည့် ခြိမ်းခြောက်အကျပ်ကိုင်မှုမျှမရှိဘဲ ၎င်းတို့၏ လုပ်ငန်းများကို လွတ် လပ်စွာ လုပ်ဆောင်နိုင်ခွင့်ရှိရန် အလွန်အရေးကြီးကြောင်းလည်း အဆိုပါ ထုတ်ပြန်ချက်တွင် ပြောကြားထားသည်။
အမေရိကန်နိုင်ငံသား ဦးမင်းဇင်သည် ပြီးခဲ့သည့် ဇွန်လ ၃ ရက်နေ့က တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့သို့ ပညာရပ်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ (Academic Workshop) တစ်ခု တက်ရောက်ရန် သွားရောက်စဉ် ကူမင်းလေဆိပ်၌ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက အမေရိကန်နိုင်ငံသား ဦးမင်းဇင်ကို ဖမ်းဆီးထားကြောင်း အတည်ပြုထားပြီး “သူလျှိုလုပ်မှု (Espionage) နှင့် တရုတ်နိုင်ငံ၏ အမျိုးသားလုံခြုံရေးကို ဘေးအန္တရာယ်ပြုရန် လုပ်ဆောင်မှု သံသယ” များဖြင့် ဖမ်းဆီးထားခြင်းဖြစ်သည်ဟု ဆိုသည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနကမူ ဦးမင်းဇင် ဖမ်းဆီးခံရမှုနှင့်ပတ်သက်၍ အသေး စိတ် မှတ်ချက်ပေးရန် ငြင်းဆိုထားသော်လည်း “တရုတ်နိုင်ငံတွင် အမေရိကန်နိုင်ငံသားတစ်ဦး ဖမ်းဆီးခံရသည့် သတင်းကို သိရှိထားကြောင်းနှင့် အမေရိကန်နိုင်ငံသားတစ်ဦး ဖမ်းဆီးခံရသည့်အခါတိုင်း လိုအပ်သည့် သံတမန်ရေးရာ ကူညီစောင့်ရှောက်မှုများ (Consular Assistance) ပေးနိုင်ရန် လုပ် ဆောင်လေ့ရှိကြောင်း” ပြောကြားထားသည်။
တရုတ်နိုင်ငံအနေဖြင့် အမေရိကန်နိုင်ငံသားများကို အမျိုးသားလုံခြုံရေးအကြောင်းပြချက်ဖြင့် ဖမ်းဆီးခြင်းမှာ ဖြစ်ခဲလှသော်လည်း ယခုဖမ်းဆီးမှုသည် အမေရိကန်နှင့် တရုတ်နိုင်ငံအကြား သံတမန်ရေးရာ “ဓားစာခံသံတမန်ရေး (Hostage Diplomacy)” အခြေအနေများနှင့်လည်း ဆက်စပ်နိုင်ကြောင်း သုံးသပ်မှုများ ရှိနေသည်။




