ရန်ကုန်၊ ဇွန် ၂၀
မကွေးတိုင်း၊ စလင်းမြို့နယ်အတွင်းရှိ ကျေးရွာများကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်လာပြီး ဒေသခံပြည်သူ ၄၀ ဦးကို လူသားဒိုင်းအဖြစ် ဖမ်းဆီးကာ ညှင်းပန်းနှိပ်စက်ခြင်းနှင့် မိုင်းနင်းခိုင်းခြင်းများ လုပ်ဆောင်နေကြောင်း၊ ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဇွန်လ ၁၅ ရက်နေ့ စလင်းမြို့နယ်၊ တညောင်ဓာတ်အားခွဲရုံမှ ထွက်လာသည့် စစ်ကောင်စီစစ်ကြောင်းက စည်ဆွဲကျေးရွာနှင့် ကန်ဆွယ်ကျေးရွာတို့ကို ဝင်ရောက်စီးနင်းခဲ့ပြီး၊ ယင်းကျေးရွာ ၂ ရွာမှ အရွယ်စုံအမျိုးသားနှင့် အမျိုးသမီး စုစုပေါင်း ပြည်သူ ၄၀ ဦးကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
စစ်တပ်က ဖမ်းဆီးထားသည့် ပြည်သူများကို ရိုက်နှက်ညှင်းပန်းနှိပ်စက်သည့်အပြင်၊ ရှေ့မှသွားခိုင်းကာ မိုင်းနင်းခိုင်းခြင်းနှင့် စစ်တပ်၏ကျည်ဆံသေတ္တာများ ထမ်းခိုင်းခြင်း များကို လုပ်ဆောင်နေကြောင်း သိရသည်။
ဒေသခံပြည်သူတစ်ဦးက “စစ်တပ်က မပြေးကြနဲ့၊ ဘာမှမလုပ်ဘူးလို့ ပြောတာကို ယုံကြည်ပြီး မရှောင်ဘဲ နေခဲ့တဲ့သူတွေကို ဓားစားခံအဖြစ် ဖမ်းသွားတာပါ။ ဖမ်းဆီးထားတဲ့အထဲမှာ အမျိုးသားရော အမျိုးသမီးရော အသက် အရွယ်စုံ ပါဝင်ပါတယ်။ ဇွန်လ ၁၆ ရက်နေ့ ညနေပိုင်းအထိ ဖမ်းဆီးထားတဲ့သူတစ်ယောက်မှ ပြန်မလွတ်သေးပါဘူး။ စစ်တပ်က ပြည်သူတွေကို ဖမ်းဆီးနှိပ်စက်နေတာကြောင့် ဒေသခံတွေက ပြန်ပြီးတော့တောင် မပြောရဲကြပါဘူး” ဟု ပြောဆိုသည်။
လက်ရှိအချိန်တွင် အဆိုပါစစ်ကောင်စီစစ်ကြောင်းသည် စည်ဆွဲကျေးရွာနှင့် ကန်ဆွယ်ကျေးရွာ အနီးအနားဝန်း ကျင်တွင် ဆက်လက်တပ်စွဲထားပြီး၊ ၎င်းတို့ရှိနေသည့် ဝန်းကျင်တွင် မီးတိုင်လေးတိုင်ကို ပြင်ဆင်မှုများ လုပ် ဆောင်နေကြောင်း သိရသည်။
အဆိုပါ စစ်ကြောင်းတွင် ပါဝင်သည့် စစ်ကောင်စီတပ်သားအများစုမှာ ပခုက္ကူအခြေစိုက် တပ်မ ၁၀၁ လက် အောက်ခံတပ်များ ဖြစ်နိုင်ကြောင်း ဒေသခံများက သုံးသပ်ကြသည်။
စစ်ကောင်စီတပ်၏ စစ်ကြောင်းထိုးစီးနင်းမှုနှင့် ဖမ်းဆီးနှိပ်စက်မှုများကြောင့် စလင်းမြို့နယ်အတွင်းရှိ တညောင်ကျေးရွာ၊ စည်ဆွဲကျေးရွာနှင့် ကန်ဆွယ်ကျေးရွာတို့မှ ထောင်နှင့်ချီသော ဒေသခံပြည်သူများသည် လက်ရှိအချိန်အထိ ဘေးလွတ်ရာ တောတောင်များအတွင်းသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရှိရသည်။
ဓာတ်ပုံ- စစ်တပ်က ဖားကန့်တွင် ပြည်သူများကို ဖမ်းဆီးထားခဲ့စဉ်။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။)




